ရန်ကုန် – ၂၀၂၅ မတ် ၂၆ (မော်ကွန်း)
ပြီးခဲ့တဲ့လပိုင်းထဲက တစ်ကျပ်သားကို ကျပ် ၆၅ သိန်းနီးပါးနဲ့ အချိန်အတော်ကြာ တည်ငြိမ်နေတဲ့ ၁၆ ပဲရည်ရွှေဈေးဟာ လက်ရှိမှာ ကျပ်သိန်း ၇၀ နီးပါးထိ ရောက်ရှိလာတယ်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ဒီလ ၁၆ ရက်ထိ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းဝန်းကျင်မှာပဲ ရှိရာကနေ တဖြည်းဖြည်းမြင့်တက်ခဲ့ပြီး ဒီနေ့မှာတော့ ကျပ် ၆၉ သိန်း ခုနစ်သောင်းဝန်းကျင်ထိ ဈေးဖွင့်ခဲ့တာပါ။
တည်ငြိမ်နေတဲ့ရွှေဈေး အခုလိုမြင့်တက်လာတာဟာ မကြာခင်ရောက်ရှိတော့မယ့် သင်္ကြန်ပိတ်ရက်တွေကြောင့်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“သင်္ကြန်နားနီးရင် နှစ်တိုင်းတော့ ဒီလိုပဲ။ ရွှေဈေး၊ ငွေဈေးက လှုပ်လေ့ရှိတယ်” လို့ ၎င်း ဈေးကွက်လေ့လာသူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာဈေးကွက်ထဲမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေတွေကလည်း ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ လှုပ်ခတ်နိုင်တဲ့ အခြေအနေတွေရှိတာကြောင့် ပြည်တွင်းဈေးကွက်မှာလည်း စောင့်ကြည့်ဖို့လိုမယ်လို့ လေ့လာသူတချို့ကပြောပါတယ်။
“ရွှေဈေးကွက်မှာဆိုရင် ကမ္ဘာ့ရွှေဈေးဟာ တော်တော်လေးကို မြင့်တက်နေပြီး ဆက်တက်ဖို့လည်း အလားအလာရှိတယ်လို့ သုံးသပ်နေတာပေါ့။ မြန်မာ့ရွှေဈေးကတော့ ကမ္ဘာ့ရွှေလောက် အတက်မကြမ်းသေးဘူးပေါ့။ ဒါပေမယ့် သူ့နည်းနဲ့သူတော့ တဖြည်းဖြည်းတက်လာတာပေါ့” လို့ ရွှေဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ပုံမှန်ထုတ်ပြန်နေတဲ့ ရည်ညွှန်းရွှေဈေးကလည်း ဒီနှစ်ပတ်အတွင်းမှာပဲ နှစ်သိန်းကျော်မြင့်တက်ခဲ့ပါသေးတယ်။
ဒီနေ့မှာတော့ ၁၆ ပဲရည် တစ်ကျပ်သားကို ၅၆ သိန်းကျော်နဲ့ အရောင်းအဝယ်လုပ်ဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားပါတယ်။
ဒီလိုဈေးနှုန်းသတ်မှတ်ပေးထားပေမယ့် ရွှေဆိုင်အားလုံးနီးပါးကတော့ သူတို့သတ်မှတ်ဈေးနှုန်းနဲ့ အရောင်းအဝယ်မလုပ်ဘဲ ပြင်ပပေါက်ဈေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်နေတာပါ။
ပုံစာ – ရန်ကုန် မြို့လယ်က ရွှေဆိုင်တချို့ရဲ့မြင်ကွင်း
ဓါတ်ပုံ – မော်ကွန်း

