ရန်ကုန် – ၂၀၂၅ ဇွန် ၁၃ (မော်ကွန်း)
စစ်ကောင်စီက ရွှေဈေးနှုန်းမြင့်တက်မှုကိုထိန်းချုပ်လာပြီး ရွှေဆိုင်တွေကို စစ်ဆေးနေတာကြောင့် ရွှေဈေးကွက်မဖွင့်လှစ်နိုင်ဘဲဖြစ်နေတယ်လို့ ရွှေဈေးကွကေလေ့လာသူစောင့်ကြည့သူတချို့က ပြောပါတယ်။
မနေ့ကစပြီး ပြည်တွင်းရွှေဈေးနှုန်းဟာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ ရောက်ရှိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ရွှေလုပ်ငန်းရှင်အသင်းက ရွှေအတုံးအခဲရောင်းချတဲ့ဈေးကွက်ကို ရပ်နားဖို့ ရွှေဆိုင်တွေကိုညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဓါတ်သတ္တုရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအဖွဲ့ဝင်တွေက ရွှေဈေးနှုန်းမြင့်တက်မှုနဲ့ပတ်သက်လို့ ရွှေဆိုင်တချို့ကို ခေါ်ယူစစ်ဆေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါတယ်။
အခုလိုအခြေအနေတွေကြောင့် ဒီနေ့ညနေပိုင်းအထိ ဈေးကွက်ထဲမှာ ရွှေဈေးနှုန်းကို မသတ်မှတ်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် ရွှေဈေးကွက်တစ်ခုလုံးလည်း ရပ်တန့်သွားတယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ဒီလဆန်းပိုင်းကစပြီး ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းဝန်းကျင်ကနေ ကျပ်သိန်း ၈၀ ဝန်းကျင်ထိ တရိပ်ရိပ်မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီဗဟိုဘဏ်နဲ့ ရွှေလုပ်ငန်းရှင်အသင်းတို့က ဒေါ်လာနဲ့ ရွှေဈေးကွက်မှာ သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေအတိုင်း မရောင်းတဲ့သူတွေကို အရှိန်မြှင့်အရေးယူသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကစပြီး စစ်ကောင်စီအာဏာပိုင်တွေဟာ ရွှေလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို ခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့လည်း သတင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်၊
လက်ရှိအခြေအနေတွေကြောင့် ရွှေဈေးကွက်ဟာ မှောင်ခိုဈေးကွက်ဖြစ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ်အနေအထားဖြစ်လာဖွယ်ရှိတယ်လို့ ဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
“အချင်းချင်း သိတဲ့သူ၊ စိတ်ချရတဲ့သူတွေတော့ အရောင်းအဝယ် လုပ်ကောင်းလုပ်လိမ့်မယ်။ မှောင်ခိုပုံစံပေါ့။ အရင်ကဝယ်ထားပြီး အခုဈေးတက်လို့ ပြန်ရောင်းချင်တဲ့သူတွေကတော့ နစ်နာတာပေါ့။ မဝယ်ပေးတော့ဘူး။ ရောင်းလည်းမရောင်းရဲတော့ဘူး။ ဈေးကွက်က ရပ်သလိုဖြစ်သွားတယ်” လို့ ရွှေဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
ရွှေတုံးရွှေခဲတွေ ရောင်းချထုတ်လုပ်တဲ့ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းကလည်း ဒီနေ့ကစပြီး လုပ်ငန်း ခေတ္တယာယီ ပိတ်ထားမှာဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။
အခုလို ရွှေအတုံးအခဲဈေးကွက် နားထားတဲ့အတွက် ၁၅ ပဲရည် ရွှေထည်ပစ္စည်းတွေကိုပဲ အရောင်းအဝယ်ပြုလုပ်နေကြတော့တာပါ။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး စံချိန်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း လိုက်ပါမြင့်တက်ခဲ့ပြီး ပြည်တွင်းမှာ ရွှေဝယ်လိုအားမြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ပုံစာ – အကယ်ဒမီအခေါက်ရွှေပြားများ
ဓါတ်ပုံ – မော်ကွန်း

