ဂေထော
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃၀ (မော်ကွန်း)
စစ်ပွဲနှင့် ကူးစက်ရောဂါ နှစ်မျိုးစလုံး ကြုံနေရသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည့်နယ်မြေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာရန် နှေးကွေးနေမှုက ပါတီများ၏ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများတွင် အခက်ကြုံနေရကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောသည်။
ပြည်နယ်အတွင်းရှိ အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယင်း၏ ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးမည့်နယ်မြေများ သတ်မှတ်ကာ အောင်နိုင်ရေးနည်းပညာပိုင်းများအပါအဝင် စည်းရုံးရေး ကုန်ကျစရိတ်များကိုလည်း ရင်းနှီးထားပြီဖြစ်ကြောင်း ပြောသည်။ သို့သော် ကော်မရှင်က ယနေ့အထိ ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများကို မထုတ်ပြန်သည့်အတွက် မရေရာမှုများနှင့် ကြုံနေရကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“ အကယ်၍ ရွေးကောက်ပွဲသာမဖြစ်ဘူးဆိုရင် ဒီဟာတွေအကုန်လုံးက အရပ်စကားနဲ့ပြောရမယ်ဆိုရင် ပလုံသွားမှာပေါ့ဗျာ။ အခုလိုစီးပွားရေးက အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်မှာ ရခိုင်ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင် နိုင်ငံရေးသမားတွေ၊ကိုယ်စားလှယ်လောင်းတွေ၊ပါတီတွေအတွင်းမှာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာတာပေါ့” ဟု သူက ပြောသည်။ ဒါကြောင့် ကော်မရှင်အနေဖြင့် ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်မည့် နယ်မြေများကို အမြန် ထုတ်ပြန်သင့်ကြောင်း သူက အကြံပြုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်တစ်ဦးလျှင့် ပျမ်းမျှငွေကျပ် သိန်း ၂၀ ခန့် သုံးစွဲကာ အောင်နိုင်ရေးအတွက် ပံ့ပိုးရန် ပါတီက မျှော်မှန်းထားကြောင်း ဦးမျိုးကျော်က ရှင်းပြသည်။
အခြားပြည်နယ်အတွင်းက လူမျိုးစုငယ်ပါတီတစ်ခုဖြစ်သည့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည်လည်း ကိုယ်စားလှယ်တစ်ဦးလျှင် ကျပ် ရှစ်သိန်းခန့် အသုံးပြုကာ မဲဆွယ်စည်းရုံး ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားသည်။ သို့သော် ယင်းတို့ ပါတီ ဝင်ရောက်ယှဉ် ပြိုင်မည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်သုံးခုသည် ရွေးကောက်ပွဲ ကျင်းပဖြစ်၊မဖြစ် အတိအကျ မသိသေးဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်အောင်က ပြောသည်။
“တကယ်လို့မကျင်းပနိုင်ဘူးဆိုရင်တော့ ငွေရေးကြေးရေးပိုင်းဆိုင်ရာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့”ဟု သူကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သူတို့ပါတီသည် ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား နှစ်သောင်းကျော် နေထိုင်သည်ဟု ဦးအောင်အောင်က ရှင်းပြသည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရကာ ရခိုင်ပြည်နယ်လွှတ်တော်ကို စိုးမိုးထား နိုင်ခဲ့သည့် ရခိုင်အမျိုးသားပါတီသည် ယခုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်တစ်ခုလုံးတွင် ကိုယ် စားလှယ်လောင်း ၆၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိတွင် ပြည်နယ်တစ်ခု လုံးရှိ မြို့နယ်များတွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူထားခဲ့ပြီဖြစ်သော်လည်း ယင်း မြို့နယ်များအားလုံး ရွေးကောက်ပွဲကျင်းပဖြစ်၊မဖြစ် မသေချာသေးကြောင်း ပါတီဒုတိယဥက္ကဠ ဒေါ်အေးနုစိန်က ပြောသည်။
“ ပါတီအနေနဲ့ရော၊ရွေးကောက်ပွဲဝင်ရောက်ကြမယ့် ကိုယ်စားလှယ်လောင်းအနေနဲ့ရော ဘာပဲဖြစ်ဖြစ် အတိုင်းတာတစ်ခုထိ ငွေကြေးကုန်ကျတာတော့ ရှိမယ်”ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။ သို့သော် သူတို့ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း အတွက် အသုံးပြုမည့် ကုန်ကျစရိတ်ကို သူက ထုတ်ဖော်မပြောပါ။ ရွေးကောက်ပွဲကော်မရှင်က တစ်ဦးလျှင် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်အသုံးစရိတ် ကျပ်သိန်း ၁၀၀ အထိ အသုံးပြုခွင့် ပေး ထားကြောင်းကိုသာ သူက ပြောသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်မည့် နယ်မြေများနှင့်ပတ်သတ်၍ ပြည်ထောင်စုမှ ယနေ့အထိ သတ်မှတ်ညွှန်ကြားမှုမရှိသေးကြောင်းပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မော်ကွန်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၁၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁,၆၄၀,၀၀၀ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ၏ အချက်အလက်များတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးကို COVID-19 ကူးစက်ပျံ့ပွားမှုကြောင့် ဩဂုတ် ၂၆ တွင် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အမိန့်အား အစိုးရက သတ်မှတ်ထားပြီး ပြည်နယ်မြောက်ပိုင်း မြို့နယ်များသည် စစ်ဘေးဒဏ်ကို အလူးအလဲခံနေရသည်။
ပုံစာ – ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ဂွမြို့နယ်တွင် တွေ့ရသည့် ANP ပါတီမှ ကိုယ်စားလှယ်လောင်းများ၏မဲဆွယ်ဆိုင်းဘုတ်
Photo – ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ Facebook Page
#Dailynews

