သဇင်လတ်
ရန်ကုန် ၂၀၂၀၊ နိုဝင်ဘာ ၁၂ (မော်ကွန်း)
မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုသည့်အနေဖြင့် ရာထူးတိုးခြင်းနှင့် မိမိတာဝန်ထမ်းဆောင်လိုသည့်ဒေသသို့ပြောင်းရွှေ့ရေးလျှောက်ထားခြင်းများကို ဦးစားပေးစဉ်းစားမည်ဟု အခြေခံပညာဦးစီးဌာန၏ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းကမော်ကွန်းသို့ ပြောသည်။
“ချက်ချင်း ရာထူးတိုးပေးမယ်တို့ နယ်ပြောင်းပေးမှာတော့မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုထိ အဆင့်မြှင့် တင်ပေးမှာပေါ့။ ဥပမာ အမှတ်ပေးပုံစံအရ အမှတ်ပိုတိုးပေးသွားတာမျိုးပေါ့”ဟု ဦးတင်မောင်ဝင်းကဆိုသည်။
ယခင်ရွေးကောက်ပွဲများတွင်ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင်COVID -19 ရောဂါဖြစ်ပွားမှုကြောင့် ဆရာ၊ ဆရာမများတာဝန်ထမ်းဆောင်ရာတွင် ပိုပင်ပန်းခဲ့သဖြင့်ဂုဏ်ပြုသည့်အနေဖြင့် လုပ်ဆောင်ပေး ခြင်းဖြစ်ကြောင်း၎င်းကရှင်းပြသည်။ ဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာများလည်းပေးအပ်ရန်စီစဉ်နေသည်ဟု ဆိုသည်။
ကရင်ပြည်နယ်၊ဘောဂလိမြို့နယ်၊ ရပ်ကွက် (၁) ၊ မဲရုံ (၁)တွင်မဲရုံမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဦးဖြိုးမောင်မောင်က “COVID -19 ဖြစ်နေတော့ နှာခေါင်းစည်းတွေတစ်နေကုန်တပ်ထားရတယ်။ Face Shield တွေလက်အိတ်တွေ နေကုန်စွပ်ထားရတာပေါ့။ တချို့ဆိုရင် မျက်နှာအကာတပ်ရင် မူးတဲ့ဆရာ ဆရာမတွေလည်းရှိတာကိုး။ လက်ဆေးဂျယ် အနံ့တွေ ပိုးသတ်ဆေးအနံ့တွေ မခံနိုင်တဲ့ဆရာမတွေဆိုရင်တော်တော်ဆိုးတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပသည့်ရက်တွင် နံနက်လေးနာရီမှ ညကိုးနာရီအထိတာဝန်ထမ်းဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။
ဆရာ၊ဆရာမများသည် ကြိုတင်မဲစာရင်းများကောက်ခြင်း၊ မဲရုံမဖွင့်မီ ကြိုတင်မဲလက်ခံခြင်း၊ မဲလက်မှတ်နှင့်စာရင်းများစိစစ်ခြင်း၊ မသန်စွမ်းများနှင့်အသက်ကြီးသူများမဲလာပေးလျှင် ကူညီပေးခြင်း၊ COVID -19ရောဂါကန့်သတ်ချက်အရ ခြောက်ပေခြားတန်းစီရေး ကြပ်မတ်ပေးခြင်း၊ နှာခေါင်းစည်းနှင့်မျက်နှာအကာများဝေခြင်း၊ မဲရုံပိတ်သိမ်းချိန်တွင် မဲရေတွက်ခြင်း နှင့် မဲလက်မှတ်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ပို့ခြင်းများဆောင်ရွက်ရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်းဝန်ကျင်ရှိကာ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမနှစ်သိန်းနီးပါးရှိနေသည်။
တစ်နိုင်ငံလုံးတွင်စုစုပေါင်းဆရာ၊ ဆရာမ လေသိန်းခွဲခန့်ရှိကာ ရာထူးတိုး နှင့်နယ်ပြောင်းလျှောက်လွှာခေါ်ယူခြင်းများသည် ဒီဇင်ဘာလတွင်လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်စဉ် လျှောက်ထားသူသိန်းဂဏန်းခန့်တွင်ရှိသည်ဟု အခြေခံပညာဦးစီးဌာနမှသိရသည်။
ရွေးကောက်ပွဲနေ့က ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် တာဝန်ကျ ဆရာမတစ်ဦး။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews

