ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၀ (မော်ကွန်း)
ကြိုတင်မဲကာလ၌ ဆန္ဒမဲပေးရန်ပျက်ပြားစေခြင်းဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်အပါဝင် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် အမှတ် ၂ တို့တွင် ဝင်ပြိုင်ကြသည့် ဦးသန်းငွေနှင့် ဦးမြသောင်းတို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊၅၉ တို့နှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆန္ဒမဲပေးရန်ပျက်ပြားစေခြင်း၊ ရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်၍ ၎င်းတို့တင်မြှောက်ခံရရေးအတွက် မြို့နယ်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့အား မမှန်မကန်စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးအောင်ကျော်လွင်က “မဲဘယ်လောက်ရလဲ၊ ဘယ်နှရက်နေ့ကစပြီး ကြိုတင်မဲတွေပေးကြပြီလဲ၊ ဒါလေးတွေမေးတဲ့ကိစ္စမှာ နယ်တော်တော်များများက ကြိုတင်မဲနဲ့ပတ်သက်ပြီး ပြောစရာတွေဖြစ်နေတာကြောင့် တိတိကျကျဆောင်ရွက်ပါဆိုတာမျိုးပြောတယ်။ သို့သော် လေသံနည်းနည်းမာသွားတယ်”ဟု သူကဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယမန်နေ့က ထုတ်ပြန်ချက်များတွင်လည်း ကြိုတင်မဲပေးသည့်ကာလနှင့်ရွေးကောက်ပွဲနေ့တွင် မဲမသမာပြုလုပ်သည့်ဖြစ်စဥ် ၁၂ ခုကို အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။
UEC အမှတ်တံဆိပ်မပါသော တံဆိပ်တုံးဖြင့် မဲပေးမှု၊ သူတစ်ပါးအယောင်ဆောင်၍ မဲပေးမှု၊ မဲရုံတစ်ရုံထက်ပိုပြီး ထပ်မံဆန္ဒပြုမှု၊ မဲလက်မှတ်များ ဆန္ဒပြုပြီး မဲပုံးသို့မထည့်ဘဲ ဆုတ်ဖြဲမှုလုပ်ဆောင်ခဲ့သူများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊၅၉ တို့နှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပုံစာ – ပြည်သူ့ပါတီက နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ထဲ၌ မဲဆွယ်ကမ်းပိန်းပြုလုပ်နေသည်ကိုတွေ့ရစဥ်
ဓာတ်ပုံ – စည်သူ
#Dailynews

