သဇင်လတ်
နိုဝင်ဘာ-၂၈
အိမ်ထောင်စုများ ဝင်ငွေတိုးရေးနှင့် သဘာဝဘေးအန္တရာယ်ခံနိုင်စွမ်းတိုးတက်လာရန် ဒေသလေးခုတွင် ဖော်ဆောင်မည့် စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁၉၅ သန်းအား မြန်မာနိုင်ငံကိုပေးအပ်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အတည်ပြုလိုက်သည်။
ထိုအထဲတွင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းသည် ချေးငွေအဖြစ်ပေးအပ်ခြင်းဖြစ်ပြီး ၁၀ သန်းကို သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော ရပ်ရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထောက်ပံ့ခြင်းဖြစ်ကြောင်း ADB မှ ယမန်နေ့က ထုတ်ပြန်သည်။
“ မြန်မာနိုင်ငံဟာ ရာသီဥတုနဲ့သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းအား အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီနိုင်ငံရဲ့ ကျေးလက် ဒေသတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေဟာ အကြီးမားဆုံးခြိမ်းခြောက်မှုကိုရင်ဆိုင်နေရတာပါ” ဟု ADB အရှေ့တောင် အာရှဒေသ၏ သဘာဝအရင်းအမြစ်နှင့်စိုက်ပျိုးရေးပညာရှင် မစ္စစတပ်ဖန်နီယာဒိုင်နာက ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။
ဧရာတီတိုင်းဒေသကြီး ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကျေးရွာပေါင်း ၂,၉၄၂ တွင် စီမံကိန်းများကို ၂၀၂၇ အထိ ဖော်ဆောင်မည်ဖြစ်သည်။ စီမံကိန်းများတွင် ကျေးလက်လမ်းများ၊ လယ်ယာခြင်း ဆက်လမ်းများ၊ တံတား ငယ်များ၊ ရေပေးဝေမှုများ၊ လျှပ်စစ်ဓာတ်အားလမ်းချိတ်ဆက်သွယ်တန်းမှုများ၊ ဘက်စုံသုံးစုရပ်များအပြင် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်ခံနိုင်စွမ်းရှိသော ရပ်ရွာအခြေခံ အဆောက်အဦးများအတွက် စီမံကိန်းငယ် ၃,၀၀၀ ခန့်အား ဖော်ဆောင်မည်ဟု ADB က ထုတ်ပြန်သည်။
ယင်းစီမံကိန်း ၃,၀၀၀ ထဲတွင် အသစ်၊ သို့မဟုတ် အဆင့်မြှင့်တင်ထားသည့် ရာသီဥတုဒဏ်ခံနိုင်စွမ်းရှိသော ဈေးကွက် ဖော်ဆောင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်နှင့် စိုက်ပျိုးရေးနှင့် မဆိုင်သည့်ထွက်ကုန်များအတွက် တန်ဖိုးထက်တိုးစေရန် ဆောင်ရွက်ခြင်း၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အလုပ်အကိုင်နှင့် အရည်အသွေးသစ်များရရှိရေး စသည်တို့ ပါဝင်သည်ဟု ADB က ထုတ်ပြန်သည်။
စီမံကိန်းများကို ဖော်ဆောင်ရာတွင် အလုပ်သမားများ ခန့်ထားရာ၌် လူ ၁၀ ဦးလျှင် ၄ ဦးသည် အမျိုးသမီးအလုပ်သမားအဖြစ် ပါဝင်စေမည်ဟု ADB က ထုတ်ပြန်သည်။
#img – တနသ်ာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းက ဆလုံတိုင်းရင်းသားတို့နေထိုင်ရာ ကျေးရွာ။
#mawkun #magazine #chronicle #dailynews #ADB