အောင်ပိုင်
ရန်ကုန် – ၂၀၂၀ မတ် ၂၈ (မော်ကွန်း)
လူနာသုံးဦးတွင် COVID – 19 ရောဂါပိုးထပ်မံတွေ့ရှိသည်ဟု ယနေ့နံနက်အစောပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထို့ကြောင့် နိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံထားရသူ ရှစ်ဦးအထိရှိလာပြီဖြစ်သည်။
ထုတ်ပြန်သည့် လူနာသုံးဦးတွင် ပထမတစ်ဦးမှာ ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်ခံထားရသူ ရန်ကုန်တိုင်း၊ အင်းစိန်မြိ့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကနဦး သုံးယောက်မြောက်ရောဂါပိုးတွေ့ထားသူနှင့် အတူ အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်သည်။
ဒုတိယမြောက်လူနာမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသပေးနေသာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးဖြစ်ပြီး ၁၄ ရက်အတွင်း ပြည်ပခရီးသွားမှတ်တမ်းရှိမထားသော်လည်း ပြင်သစ်နိုင်ငံသားခရီးသွားများကို ဧည့်လမ်းညွှန်လုပ်ထားသည့် မှတ်တမ်းရှိသည်။
နောက်ဆုံးတစ်ဦးမှာ နေပြည်တော်ကုတင် တစ်ထောင်ဆံ့အထွေထွေရောဂါကုဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဆွစ်ဇာလန် နိုင်ငံသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။ ၎င်းသည် ဆွစ်ဇာလန်နိုင်ငံမှ ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၁၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး Hotel Quarantine လုပ်ခဲ့သူဖြစ်သည်။ ၎င်းသည် ဆွစ်ဇာလန်နိုင်ငံတွင်ရှိနေစဉ်က ရောဂါပိုးရှိသူ ဖခင်နှင့် ၂ နာရီကြာ အနီးကပ်ထိတွေ့ခဲ့သည့်မှတ်တမ်းရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ အဆိုပါလူနာသုံးဦးကို သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိကုသပေးလျက်ရှိပြီး လူနာများမှာ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
#Dailynews