ဂေထော
ရန်ကုန်- ၂၀၂၀ ဇူလိုင် ၃ (မော်ကွန်း)
ပိုးကင်းစင်၍ဆေးရုံဆင်းခွင့်ပေးထားသူတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ပြန်တွေ့သည့်ဖြစ်စဉ် ပေါ်ပေါက်လာသော်လည်း ဆေးရုံဆင်းခွင့်ရထားသည့် အခြားလူနာများကို ရောဂါပြန်လည်စစ်ဆေးမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ လူနာအမှတ် ၉၆ သည် ဆေးရုံဆင်းခွင့်ရပြီး ရက်ပေါင်း ၄၀ အကြာ ဇွန်လ ၃၀ တွင် ရောဂါပိုး ပြန်လည်ကူးစက်နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ဆေးကုသမှု ပြန်လည်ခံယူနေသည်။
“ ပိုးအပိုင်းအစလေးတွေ ကြွင်းကျန်ပြီးတော့ ပေါ်လိုက်၊ မြုပ်လိုက်ဖြစ်နေတဲ့ကိစ္စကတော့ စစ်ဆေးခြင်းအားဖြင့် မည်သူ့ အပေါ်မှာမှ အကျိုးသက်ရောက်မှု အင်မတန်မှနည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က လတ်တလောမှာ စစ်ဖို့ အစီစဉ်မရှိသေးပါဘူး ” ဟု ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ဆေးရုံဆင်းခွင့်ပြုပြီးမှ ရောဂါပိုးပြန်တွေ့ခဲ့သူ လူနာအမှတ် ၉၆ သည် သူ့ဆန္ဒအရ လာရောက်ဆေးစစ်သည့်အတွက် ပြန်လည်စစ်ဆေးပေးရာတွင် ရောဂါပိုး ပြန်တွေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကိုကုသပေးနေသည့် တာချီလိတ်မြို့နယ်ဆရာဝန် ဒေါက်တာဘစိုးသက်က ရှင်းပြသည်။
“ ပြန်မစစ်ပါဘူး။ ပြန်စစ်ဖို့လည်း ကျွန်တော်တို့ Guide Line (လမ်းညွှန်ချက်) လည်းမရှိပါဘူး။ ဒါက မိမိဆန္ဒသဘောအရ သူ (လူနာ-၉၆) ပြန်စစ်ကြည့်ချင်လို့ ကျွန်တော်တို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ညွန်ကြားချက်မှာလည်း ညွန်ကြားထားတာ မရှိသေးပါဘူး” ဟု သူက ပြောသည်။
လူနာအမှတ် ၉၆ နှင့် ရက် ၄၀ အတွင်း ထိတွေ့ဆက်ဆံမိသူ ၁၃ ဦးရှိပြီး ၎င်းတို့ကိုလည်း ဆေးစစ်မှု ပြုလုပ်နေသည်ဟု မော်ကွန်းကို ပြောသည်။ လူနာအမှတ် ၉၆ သည် ဧပြီ ၁၈ ရက်တွင် ရောဂါပိုးတွေ့ရှိပြီး မေ ၂၀ တွင် ဆေးရုံဆင်းခွင့်ရခဲ့သူ ဖြစ်သည်။
မတ် ၂၃ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ စတင်တွေ့ရှိထားသော မြန်မာနိုင်ငံတွင် ယနေ့အထိ ကူးစက်ခံရ သူပေါင်း ၃၀၄ ဦး၊ ပြန်လည်ပျောက်ကင်းသူ ၂၂၃ ဦးနှင့် သေဆုံးသူ ခြောက်ဦး ရှိသည်။
ပုံစာ- နေပြည်တော်အဝင်တွင် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews