လှည်းကူး-၂၀၂၃ အောက်တိုဘာ ၁၁ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ရေဝင်ပြီးနောက်ပိုင်း ဆက်သွယ်ရေးလိုင်းတွေနဲ့ လျှပ်စစ်မီးတွေပြတ်တောက်နေလို့ ကူညီကယ်ဆယ်ရေးလုပ်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ လှည်းကူးရေဘေးကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
“ရေထဲဆင်းသွားတဲ့အဖွဲ့ဝင်တွေဆို ဆက်သွယ်ဖို့ပေါ့၊ ပြန်မလာ ဖုန်းကခေါ်မရနဲ့၊ စကားပြောစက်တွေတော့လိုတာပေါ့” လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီးပြတ်နေတာကြောင့် ချက်ပြုတ်စားသောက်ဖို့ခက်ခဲတဲ့အပြင် အရေးပေါ် ဆက်သွယ်ဖို့ ဖုန်းတွေလည်း အားမရှိတော့ဘူးလို့ လှည်းကူးဒေသခံတွေကပြောပါတယ်။
“ဖုန်းလည်းမရဘူး။ မီးလည်း နှစ်ရက်ရှိပြီမရဘူး။အင်တာနက်လိုင်းတွေလည်းမရဘူး။ ပြတ်တောင်းပြတ်တောင်းတွေဖြစ်နေတယ်။ MPT မရတော့ဘူး။Mytel နဲ့ Ooredoo လောက်ပဲစကားပြောလို့ရတော့တယ်။ Telenor ကတစ်ချက်တစ်ချက်ရတယ်” လို့ AC 16 နာရေးကူညီမှုအသင်း ဥက္ကဌ ဦးမာန်မြင့်လွင်ကလည်း ပြောပါတယ်။
ဒီနေ့မှာတော့ လှည်းကူးမြို့နယ်မှာ မိုးမရွာဘဲ နေသာတာကြောင့် ရေအနည်းငယ်ပြန်ကျနိုင်ပေမယ့် သိသိသာသာ ထိုးကျမယ့်အနေအထားတော့ မရှိသေးဘူးလို့ ကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။
လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို အခုလ ၇ ရက်ကစလို့ ရေဝင်ခဲ့တာဖြစ်ပြီး မနေ့ကဆို လူတစ်ရပ်စာမြုပ်တဲ့အထိ ရေထပ်တက်လာတယ်လို့ ဒေသခံကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားပြီး ဒေသခံတစ်ထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
ပုံစာ-လှည်ကူးမြို့နယ်မှာ ရေနစ်မြုပ်တဲ့နေရာတွေက ဒေသခံတွေကို မီးသတ်အဖွဲ့တွေနဲ့ ဒေသခံပရဟိတတွေ ကယ်ဆယ်နေပုံ။
ဓာတ်ပုံ-MFSD

