ရန်ကုန်- ၂၀၂၃ ဩဂုတ် ၁၂ (မော်ကွန်း)
လတ်တလော မိုးကြီးရေလျှံ၊ ရေလွှမ်းမှုတွေကြောင့် နိုင်ငံတောင်ပိုင်းက ဒေသတွေမှာ လူအနည်းဆုံး ၄၇၀,၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရတယ်လို့ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်က ဒီနေ့မှာ အချက်အလက်ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ မိုးကြီးရေလျှံမှု၊ မြစ်ရေကြီးမှုတွေကြောင့် လူတွေရေဘေးသင့်နေရတာကို ဩဂုတ် ၁၀ ရက်နေ့အထိ ပြုစုထားတာဖြစ်ပြီး ဆက်လက်ရွာသွန်းနေတဲ့မိုးကြောင့် ရေဘေးသင့်သူတွေ ထပ်တိုးလာနိုင်ပါတယ်။
လက်ရှိကာလဟာ မြန်မာမုတ်သုံရာသီရဲ့ ဒုတိယရေကြီးကာလလည်းဖြစ်ပါတယ်။ ဩဂုတ် ပထမအပတ်ကတည်းက နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာနေတာပါ။ မိုးကြီးလွန်းလို့ မြေပြိုတာတွေဖြစ်ပြီး အခုဆိုရင် ရန်ကုန်-မြဝတီကားလမ်းမတောင် ပြတ်ကျသွားလို့ ပိတ်ထားရတာ ရက်များစွာ ကြာလာပါပြီ။
မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကတော့ သံလွင်မြစ်ဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၂၆ စင်တီမီတာအထိ မြင့်တက်နေပြီး စစ်တောင်းမြစ်ကတော့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၄၅ စင်တီမီတာနဲ့ ပဲခူးမြစ်ကတော့ ပဲခူးမြို့မှာ စိုးရိမ်ရေ မှတ်အထက် ၆၂ စင်တီမီတာ အသီးသီးကျော်လွန်နေတယ်လို့ ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။ အခြားမြစ်ချောင်းတွေက တော့ စိုးရိမ်ရေမှတ်ရောက်တာမျိုး မရှိသေးပါဘူး။
ဒီလိုရေဘေးသင့်မှုတွေကြောင့် မွန်ပြည်နယ်က ဘီးလင်း၊ ကျိုက်မရော၊ ပေါင် နဲ့ သထုံမြို့နယ်တွေမှာ အနည်းဆုံး လူ ၈၁,၅၃၉ ဦးဟာ ရေဘေးသင့်နေတယ်လို့ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။ ဒါအပြင် ကရင်ပြည်နယ်က လှိုင်းဘွဲ့၊ ကော့ကရိတ်နဲ့ ဘားအံမြို့နယ်တွေမှာတော့ အနည်းဆုံးလူ ၁၆၁,၃၉၁ ဦး ရေဘေးသင့်နေတယ်လို့ ဖော်ပြပါတယ်။
ပဲခူးတိုင်းထဲက ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ ညောင်လေးပင်၊ ရွှေကျင်၊ သနပ်ပင်နဲ့ ဝေါမြို့နယ်တွေမှာတော့ အနည်းဆုံးလူ ၂၂၉,၂၃၉ ဦး အထိ ရေးဘေးသင့်နေတယ်လို့ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြတယ်။
မြန်မာနိုင်ငံဟာ ဒီလိုသဘာဝဘေးတွေ မတိုင်မီကတည်းက ပြည်တွင်းပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာနေကြရပြီး အခုတော့ သဘာဝဘေးကြောင့် လူတွေထပ်ပြီး ဘေးတွေ့နေရတာလည်း ဖြစ်ပါတယ်။ ပြီးတော့ မြန်မာဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ ရာသီဥတုဖောက်ပြန်မှုကို အခံရဆုံးနိုင်ငံဖြစ်မယ်လို့ ဥတုရာသီဆိုင်ရာ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ပုံစာ- ပဲခူးမြို့မှာ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားနေစဉ် မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့(ရန်ကုန်တိုင်း)က အသင်းသားတွေက ဩဂုတ် ၁၀ ရက်က သွားရောက်ကူညီနေစဉ်။
ဓါတ်ပုံ- မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့(ရန်ကုန်တိုင်း)
#Dailynews

