ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၀ (မော်ကွန်း)
ရေဘေးသင့်နေတဲ့ ပဲခူးမြို့မှာ မနေ့ညက လူတစ်ဦးရေမွန်းပြီးအသက်ဆုံးသွားတယ်လို့ ပဲခူးအခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
“မနေ့ညက မဂ္ဂတစ်လမ်းမကြီး၊ မှော်ကန် (၅) လမ်းမှာ သေဆုံးနေတဲ့အမျိုးသားအလောင်းတစ်လောင်း မျောပါလာတယ်။ ရေမွန်းပြီးဆုံးသွားတဲ့ပုံပါ။” လို့ သူကပြောပါတယ်။
သေဆုံးသူရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်ကို မသိရသေးသလို မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေနဲ့လည်းအဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။
ပဲခူးမှာ လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး မိုးများပြီး မြစ်ရေတက်လာတာ အခုထိရေပြန်မကျသေးဘူးလို့ဆိုပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ရဲ့ အထက် လေးပေကိုကျော်လွန်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပဲခူးမြစ်ရဲ့ အခုတစ်ခေါက်ရေကြီးမှုဟာ ဒီနှစ်အတွင်းမှာ လေးကြိမ်မြောက်ဖြစ်ပြီး ပဲခူးမြို့ရေကြီးမှုသမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
မြို့ပေါ်မှာ လူ့တစ်ရပ်စာ ရေတက်နေတာကြောင့် သွားရေးလာရေးအတွက် သမ္ဗာန်တွေကိုသာအသုံးပြုနေရပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာဆို လူတစ်ရပ်ကျော်ထိ တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေကြီးမှုကြောင့် ပဲခူးမြို့ခံ တစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်းပေါင်း ၄၀ ကျော်မှာ ခိုလှုံနေကြရတယ်လို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေထံမှသိရပါတယ်။
“အစက ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတာ။ ဘုန်းကြီးကျောင်းတွေထဲလည်းရေတွေဝင်ကုန်လို့ ကယ်ဆယ်ရေးစခန်းတွေကို ကုန်းပေါ်မှာပြောင်းရွှေ့ပြီး ဖွင့်ထားရတယ်။” လို့ ပဲခူးမြို့ပေါ်က ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။
ဩဂုတ်လတုန််းကလည်း ပဲခူးမြို့မှာ မြစ်ရေကြီးမှုကြောင့် လူတစ်သောင်းကျော်ရေဘေးကြုံခဲ့ရတယ်လို့ဆိုပါတယ်။
လက်ရှိမှာလည်း ရေဘေးရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
ပုံစာ- အောက်တိုဘာ ၈ ရက်နေ့ ပဲခူးမြို့မှာ မြစ်ရေတက်လာလို့ ဒေသခံတွေ ရေဘေးတိမ်းရှောင်နေသည့်မြင်ကွင်း။
ဓာတ်ပုံ- အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်း

