ရေစကြို – ၂၀၂၁ နိုဝင်ဘာ ၁၇ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်တွေ အင်အား ရာချီနဲ့ ထိုးစစ်ဆင်နေလို့ ရွာသူရွာသား ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနီးနားကျေးရွာများကို ဝင်ရောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့နောက် ဒီကနေ့မှာလည်း လှေခုတ် ၊နွယ်နီ ၊ နေရင်း၊ကျွန်းညို၊ ညောင်ပင်၊ဝါးဘိုး အစရှိတဲ့ရွာတွေကို ဝင်ရောက်ဖမ်းဆီးရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လှေခုတ်ရွာမှာ အမျိုးသမီး နှစ်ဦးအပါအဝင် ဆယ်ဦးခန့်နဲ့ ၊ ညောင်ပင်ရွာမှ ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဖမ်းသွားတဲ့သူတွေကို ဓါးစာခံလုပ်ပြီး ခေါ်သွားတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် အကြမ်းဖက်နေတယ်”လို့ဒေသခံတစ်ဦးက ပြောပါတယ်
စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၅၀ ဝန်းကျင်ခန့်နဲ့ ထိုးစစ်ဆင်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ခြင်း၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
တိမ်းရှောင်နေတဲ့ ကျေးရွာပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေလည်းပါဝင်ပြီး စားသောက်ရေးအခက်အခဲအပြင် ရာသီဥတုအေးလာလို့ နေရေးထိုင်ရေးအခက်အခဲပါကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ယာဥ်တန်းကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ယခင်ရက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်လာချိန် ရွာသူရွာသားတွေက ကြိုဆိုကြတဲ့ ဗွီဒီယိုဖိုင်ထွက်လာခဲ့ပါသေးတယ်။
#Dailynews

