ရေစကြို – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောအုပ်စု၊ သဲတောရွာကို မနေ့က အာဏာသိမ်းစစ်တပ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀ နီးပါး မီးထဲပါသွားပြီး အသက်၈၀ ကျော် အဘွားတစ်ဦးမီးလောင်သေဆုံးခဲ့တယ်လို့ သဲတောရွာသားတစ်ဦးကမော်ကွန်းကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ် ရွာထဲကိုဝင်လာချ်ိန်မှာ အန္တရာယ်မပြုနိုင်ဘူးလို့ထင်တာကြောင့် ရွာခံတချို့တွေဟာ ထွက်မပြေးဘဲ ရွာထဲမှာပဲ နေခဲ့ကြပါတယ်။
ဒါပေမဲ့ ထင်တဲ့အတိုင်းမဟုတ်တော့ဘဲ ရွာသားတချို့ကိုဓားစာခံအဖြစ်ဖမ်းဆိီး၊ ရိုက်နှက်တာတွေ အာဏာသိမ်းစစ်တပ်က ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
အမျိုးသားအမျိုးသမီး ၂၀ ဦး အဖမ်းခံခဲ့ရပြီး ရိုက်နှက်ခံရသူတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။
“ရွာထိပ်ရောက်တော့သူတို့လက်နက်ငယ်တွေနဲ့ဖောက်တယ်ပေါ့ဗျာ၊ရွာထဲဝင်တော့လက်နက်ကြီးလေးချက်ဖောက်တယ်ပေါ့ဗျာ၊ လက်နက်ကြီးကတော့ရွာထဲကနေ တောထဲဘက်ကိုလှမ်းလှမ်းပစ်တာ၊တိုက်ပွဲတော့မဖြစ်ဘူး၊သူတို့ဘာသူတို့ရမ်းရမ်းပစ်တာ”လို့သတင်းရင်းမြစ်ကဆိုပါတယ်။
ဒီလို အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်ပြီး နေအိမ်တွေကို မီးရှို့ကာ ရွာကနေထွက်သွားတဲ့နောက်မှာတော့ ရွာသားတွေဟာ မီးငြှိမ်းဖို့ ပြန်လာကြပါတယ်။
အဲဒီအခါမှာ ရွာထဲက အသက် ၈၀ ကျော် အဘွားအိုတစ်ဦး မီးထဲပါသွားတဲ့အိမ်တစ်လုံးအတွင်းမှာ မီးလောင်ကျွမ်းသေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။
“သူကမသွားနိုင်ဘူးပေါ့ဗျာ၊အိမ်မီးရှို့တယ်ဆိုတော့အိမ်မီးထဲပါသွားတာ၊ညနေပိုင်းလောက်ကျတော့ကျနော်တို့ဝင်ရတဲ့အချိန်ဝင်ပီးမီးငြှိမ်းကြတာပေါ့၊ရွာသူရွာသားတွေဝင်ငြှိမ်းမှ အိမ်ထဲမီးငြိမ်းချိန်မှတွေ့လိုက်တာပေါ့၊ မီးကင်တဲ့ပုံစံမျိုးဖြစ်သွားတာ”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
မီးလောင်သေဆုံးသွားသူအဘွားအိုက အောက်ပိုင်းမလှုပ်ရှားနိုင်သူဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ထုံးစံအတိုင်း နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားတဲ့အပြင် ဆိုင်ကယ်အကောင်းတွေကိုပါ ယူသွားပြီး မကောင်းတဲ့ဆိုင်ကယ်တွေကိုတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Data for Myanmar အဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ ပြည်သူ့နေအိမ်ဟာ ၁၁၀၀၀ ကျော်ရှိလာနေပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ မေလအတွင်းက မီးရှို့ခံထားရတဲ့ စာရင်းမပါဝင်သေးဘဲ နေရာပေါင်း ၃၀၀ နီးပါးမှာ ဖြစ်ပွားခဲ့တာလို့ Data for Myanmar က ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး ၂၀၀၀ နီးပါးရှိလာနေပါပြီ။
ပုံစာ – မီးလောင်သေဆုံးခဲ့ရသည့် အဘွားအိုအပါအဝင် သဲတောရွာမြင်ကွင်း။
ဓါတ်ပုံ – ဒေသခံ
#Dailynews

