ရေစကြို – ၂၀၂၂ ဩဂုတ် ၂၃ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ရေယှားရွာက အမျိုးသမီးတစ်ဦးနဲ့ နွယ်နီရွာမကျေးရွာက အမျိုးသားတစ်ဦး ဒီကနေ့မနက်ပိုင်း လက်နက်ကြီး ကျည်ထိမှန်ပြီး ဒဏ်ရာတွေရရှိထားတယ်လို့ ရေယှားကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
မင်းရွာကနေ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ရမ်းပစ်တာကြောင့်ရေယှားကျေးရွာက နေအိမ်အတွင်းလက်နက်ကြီးကျပြီး အမျိုးသမီး တစ်ဦးထိမှန်ခဲ့တာလို့သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လက်နက်ကြီးရမ်းပစ်ခတ်တာကြောင့် နွယ်နီရွာမကျေးရွာက အမျိုးသားတစ်ဦးလည်း ပေါင်ကို လက်နက်ကြီးထိမှန်ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ပြောပါတယ်။
” တိုက်ပွဲ မရှိဘဲ လက်နက်ကြီးရမ်းပစ်နေတာပါ၊ ရေယှားရွာကအမျိုးသမီးက သူ့အဖေကို ထမင်းကျွေးနေချိန် လက်နက်ကြီးကျတော့ သူ့ရင်ဘတ်ကိုထိသွားတာ၊ သွေးတွေတစ်ကိုယ်လုံးရွှဲနေပြီ၊ ဆေးကုဖို့ CDM ဆရာဝန်ကိုတော့ခေါ်ထားပါတယ်၊ ပြည်သူတွေပဲ ထိနေတယ်ဗျာ’လို့ ရေယှားရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီးရွာထဲဝင်နေတာကြောင့် ဒေသခံရွာသား တွေ သောင်းချီထွက်ပြေးနေရချိန်မှာ လက်နက်ကြီးရမ်းပစ်တာကြောင့်ထိမှန်ဒဏ်ရာရခဲ့တာလို့ပြောပါတယ်။
လက်နက်ကြီးထိထားတဲ့ ရေယှားရွာကအမျိုးသမီးက အရေးပေါ် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဒေသခံကပြောပါတယ်။
ပေါင်မှာလက်နက်ကြီးထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦးလည်း အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေတယ်လို့ပြောပါတယ်။
ပုံစာ – ပေါင်ကိုထိမှန်ထားတဲ့အမျိုးသား
ဓာတ်ပုံ – ရေလယ်ကျွန်းသတင်း ၂
#Dailynews

