ရုံးသုံးကားဝယ်ယူခဲ့တဲ့ FDA ကို အဂတိနဲ့စိစစ်ဖို့ တပ်မတော်သားကိုယ်စားလှယ်တိုက်တွန်း မိမိကိုယ်ပိုင်ပစ္စည်းဆိုရင်ရောအဲဒီလိုလုပ်မလားလို့မေးခွန်းထုတ်

ရုံးသုံးကားဝယ်ယူခဲ့တဲ့ FDA ကို အဂတိနဲ့စိစစ်ဖို့ တပ်မတော်သားကိုယ်စားလှယ်တိုက်တွန်း မိမိကိုယ်ပိုင်ပစ္စည်းဆိုရင်ရောအဲဒီလိုလုပ်မလားလို့မေးခွန်းထုတ်

ကျော်ဇေယျ
ရန်ကုန်၊၂၀၂၀၊ ဖေဖော်ဝါရီ-၁၇(မော်ကွန်း)

ရုံးသုံးကားတွေဝယ်ယူခဲ့တဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) မှာ အဂတိ လိုက်စားမှုရှိ၊မရှိ စစ်ဆေးဖို့နဲ့ ဒီဌာနဟာ မိမိကိုယ်ပိုင်ပစ္စည်းဆိုရင်ရော ဒီလိုပဲ လုပ်မှာလားလို့ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်ပါတယ်။

၂၀၁၈ ဘဏ္ဍာနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စိစစ်တွေ့ရှိချက် အစီရင်ခံစာ ဒုတိယအပိုင်းပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ရုံးသုံးကားတွေ ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းလွဲ၊ ငွေကြေးလေ့လွင့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အပေါ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ညွှန့်ဝင်းအောင်က ဆွေးနွေးရာမှာ ပြောခဲ့တာပါ။

“ ဌာနရဲ့ လုပ်ဆောင်ချက်ကြောင့် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရခြင်း ဖြစ်ပါတယ်။ အဲဒါအပြင် ကုမ္ပဏီတွေဟာ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ယာဉ်တွေအချိန်မှီမပေးသွင်းနိုင်ခြင်းအပေါ် လုပ်ငန်းပြီးမြောက်မှု အာမခံသွင်းယူရန်နှင့် နောက်ကျဒဏ်ကြေးတောင်းခံရန်ပျက်ကွက်ခြင်းဟာဆိုရင်လည်း ဌာနရဲ့ချို့ယွင်းအားနည်းချက်ကြောင့်ဖြစ်ပြီး အဂတိဖြစ် ပေါ်မှု ရှိ၊မရှိ စိစစ်ရန် လိုအပ်ပါတယ်” လို့ ဗိုလ်မှူးကြီး ညွှန့်ဝင်းအောင်က ဆွေးနွေးတယ်။

ရုံးသုံးကားဝယ်ယူရာမှာ ဒီဌာနဟာ သမ္မတရုံးက ထုတ်ပြန်ထားတဲ့ ပစ္စည်းဝယ်ယူရေးဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်း ( ၁/၂၀၁၇) ကို ကျော်လွန်ကာ ကားတောင်မရသေးဘဲ စာချုပ်ပြီး တစ်ပတ်အတွင်းမှာပဲ ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို ကုမ္ပဏီတွေကို ကြိုတင်ထုတ်ပေးခဲ့သလို စာချုပ်ရာမှာလည်း ပစ္စည်းသွင်းရမယ့်ရက်ကို မသတ်မှတ်ပေးခဲ့ဘူးလို့ သူက ထောက်ပြတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာတော့ FDA ဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကိုးယောက်စီး ရုံးကား ၂၈ စီးဝယ်ဖို့ ငွေလုံးငွေရင်းအသုံးစာရိတ်ကနေ ကျပ်ငွေ တစ်ဘီလီယံကျော် (ကျပ်သန်း ၁,၀၉၅.၅၀၀ ) သုံးကာ တင်ဒါခေါ်ယူ ခဲ့တယ်လို့ ဖော်ပြတယ်။ ဒီ ရုံးကား ၂၈ စီး အနက် ကျပ်သန်း ၅၉၇ နဲ့ ကား ၁၅ စီးကို ငွေဧကရီကုမ္ပဏီ၊ ကျပ်သန်း ၁၉၀ နဲ့ ကားငါးစီးကို Myanmar Theingi Services Co; Ltd ၊ ကျပ်သန်း ၁၉၀ နဲ့ ကားငါးစီးကို Medi Tech Biz Co; Ltd၊ နဲ့ ကျပ်သန်း ၁၁၈.၅၀၀ နဲ့ ကားသုံးစီးကို Nexus Logistics Co; Ltd တို့ကနေ ခွဲယူဝယ်ခဲ့တာလို့ ဖော်ပြထားတယ်။
အထက်ပါကုမ္ပဏီတွေအနက် ငွေဧကရီကုမ္ပဏီနဲ့ Nexus Logistics Co; Ltd တွေဟာ ငွေသာထုတ်ယူခဲ့ပြီး ကားလည်း မသွင်းခဲ့သလို Myanmar Theingi Services Co; Ltd နဲ့ Medi Tech Biz Co; Ltd တို့ဟာလည်း စာချုပ်ထားတဲ့ ကား အမျိုးအစားကတခြား တင်သွင်းပေးခဲ့တဲ့ ကားတွေကတခြား ဖြစ်နေတာကို တွေ့ရတယ်လို့ စာရင်းစစ်ချုပ်ရုံးက အစီရင်ခံ တယ်။

ငွေဧကရီကုမ္ပဏီဆိုရင် ကား ၁၅ စီးလုံး မပေးသွင်းဘဲ ငွေထုတ်ယူခဲ့ပြီး နောက်မှ ငွေလာပြန်သွင်းတဲ့အတွက် ကုမ္ပဏီဟာ ငွေလှည့်သုံးနိုင်တဲ့ အခွင့်အရေးကို ရရှိခဲ့သလို နိုင်ငံတော်ကတော့ ရန်ပုံငွေပေးခဲ့ပေမယ့် ပစ္စည်းမရခဲ့ တာကြောင့် နစ်နာခဲ့ရတယ်လို့ စာရင်းစစ်ချုပ်က ဒီပြဿနာအပေါ် မှတ်ချက်ပြုထားတယ်။

ဓါတ်ပုံ- FDA ဖေ့ဘုတ်


#Dailynews


အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."