(၁)
ဟုတ်ကဲ့။ ကမ္ဘာကြီးရဲ့ သက်တမ်းက နှစ်သန်းပေါင်း ၆,ဝဝဝ။ တချို့ ပညာရှင်တွေက ၄,၅ဝဝ။ လူ့သက်တမ်းက အနှစ်တစ်သန်း။ လူဖြစ်ဖို့ သမိုင်းရှည်ကြာခဲ့။ လူဖြစ်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ရှည်ကြာခဲ့။ လူ့ယဉ်ကျေးမှုပေါ်ထွန်းဖို့ နှစ်ကာလများ ထောင်သောင်းသိန်းသန်းကြာမြင့်ခဲ့။ သက်ရှိလောကရဲ့ ဆင့်ကဲဖြစ်စဉ်တွေနဲ့ လေးဖက်တွားဘဝကနေ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်လာနိုင်တဲ့အထိ သမိုင်းကြောင်းကို နှောင်းလူတွေက ရှာဖွေဖော်ထုတ် မှတ်တမ်းတင်၊ ဆင်ခြင်စဉ်းစား ဆင့်ပွားကြံစည်…။ သမိုင်းကိစ္စ။ သမိုင်းကိစ္စက ကျယ်ပြန့်တယ်။ ယဉ်ကျေးမှုထွန်းကားလာတော့ ပြောကြဆိုကြတဲ့ ဘာသာစကား။ တစ်ဆင့်စကား တစ်ဆင့်နား။ နှုတ်တိုက်အာဂုံဆောင် ပြန့်ပွား…။ နောက်တော့ အမှတ်အသား၊ ရုပ်ပုံ၊ အက္ခရာ၊ စာပေ ပေါ်ထွက် ပေါက်ပွား။ နံရံပန်းချီ။ ကျောက်စာပေစာ။ မှတ်မိမှတ်ရာ စွဲမိစွဲရာ ရေးသား ရုပ်လုံးဖော်…။ သမိုင်းကို ထုဆစ်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်။ လက်ဆင့်ကမ်းပြီး ရေးခဲ့ မှတ်ခဲ့ ကမ္ပည်းထိုးခဲ့…။ အကြောင်းအရာအမျိုးမျိုးကို လူအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ ရေးမှတ်သိမ်းဆည်း ကျင့်ကြံလိုက်နာ ခံယူသုံးစွဲ..။ ရှေးအစဉ်အဆက်က ကိစ္စအဝဝကို နှောင်းလူတွေက အမွေဆက်ခံ။ ရှေ့ခရီးဆက်။ လူ့မျိုးဆက်လှေကားထစ် တစ်ထစ်ပြီး တစ်ထစ်တက်။
(၂)
ရာဇဝင်တွေ ဖြစ်ခဲ့။ သမိုင်းတွေ ဖြစ်ခဲ့။ မှတ်တမ်းတွေ ရေးခဲ့။ နေစကြဝဠာတစ်ခုလုံးကို ချဉ်းကပ်၊ ရေမြေတောတောင် မူလဘူတကို စူးစမ်း၊ လူ့လောကကြီးတစ်ခုလုံးကို လေ့လာ။ သဘာဝတ္တဗေဒတွေကို ဖော်ထုတ်။ ကြီးကျယ်တဲ့ ဖြစ်ရပ်တွေကို ကမ္ပည်းတင်။ ထူးချွန်တဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေရဲ့ ဘဝကို ရေးမှတ်။ ထူးကဲတဲ့ ကိစ္စအဝဝကို ပုံဖော်။ စာနဲ့ ပေနဲ့ အသံနဲ့ အရုပ်နဲ့ အကြီးအသေးနဲ့ထုထည်နဲ့။ ကျောက်နဲ့ အုတ်နဲ့။ သံနဲ့ ဖန်နဲ့။ ရာဇဝင်ကို မှတ်သားကြ။ သမိုင်းကို ထိန်းသိမ်းကြ၊ အကြွင်းအကျန်ကို တယုတယ သိမ်းဆည်းကြ။ အဆောင်ဆောင် အခန်းခန်း ဖွဲ့ထားတဲ့ ဧရာမပြတိုက်ကြီးတွေ တည်ကြ။ အနုပညာအဆင့် သတ်မှတ်ခွဲခြားကြ။ ရုပ်ပုံ၊ ဓာတ်ပုံတွေ ရေးခြယ် ချိတ်ဆွဲကြ။ ကျောက်ရုပ်၊ ကြေးရုပ်တွေ ထုဆစ်စိုက်ထူကြ။ ရာဇဝင်ကိစ္စ၊ သမိုင်းကိစ္စတွေကို ဦးစားပေး ဆောင်ရွက်ကြ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေအတွက် စုဆောင်းသိုမှီး ရှာဖွေတူးဖော် ရယူကြ။ ပန်းချီ၊ ပန်းပု၊ အနုပညာစာပေတွေ ကျွဲကူးရေပါ ဖြစ်လာကြ။ ကမ္ဘာတစ်ဝန်းလုံးက အနေအထား စုံစုံစေ့စေ့ကို မျက်ဝါးထင်ထင် ဆင်ခြင်နိုင်အောင် ကဏ္ဍအမျိုးမျိုးနဲ့ မြေကြီးမြေပုံတွေ ရေးဆွဲကြ။ သုံးဖက်မြင် ရုပ်လုံးပေါ်အောင် အားထုတ်ကြ။ ကွင်းကွင်းကွက်ကွက် လိုရာ ချက်ချင်းရအောင် လမ်းကြောင်းရှာကြ၊ တီထွင်ကြ။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည်စုံသည်ထက် ပြည့်စုံအောင် အပင်ပန်းခံကြ။ ခုကာလမှာ ရုပ်သံပညာ ထွန်းကားလာတဲ့အလျောက် ပိုပြီးထိရောက်။ ခလုတ်တစ်ချက် နှိပ်ရုံမျှနဲ့ ရေကန်အသင့် ကြာအသင့်။ တစ်ကမ္ဘာလုံး ရာဇဝင်ကြောင်း၊ သမိုင်းကြောင်းကို ဂုဏ်ယူမှု အပြည့်နဲ့ ဝင့်ထည်ကြ။
(၃)
ပုဂံခေတ်က စပြီး သမိုင်းတင်တယ်။ လုံလောက်တဲ့ အထောက်အထားတွေနဲ့ အတည်ပြုခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်က မြန်မာ့အင်ပါယာ…။ ပထမ မြန်မာနိုင်ငံတော်လို့ မှတ်တမ်းတင်။ အနုရုဒ္ဓါရဲ့ ပုဂံ။ ရာဇကုမာရရဲ့ ပုဂံ…။ ဒုတိယမြန်မာနိုင်ငံတော်။ တတိယမြန်မာနိုင်ငံတော်။ ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်…။ ပဒေသရာဇ်ခေတ်နှောင်း မြန်မာနိုင်ငံ။ ဦးကုလား။ မှန်နန်း။ မှတ်တမ်းအစုစု။ ရာဇဝင်အဖုံဖုံ။ အတ္ထုပ္ပတ္တိအရပ်ရပ်။ မော်ကွန်းအသွယ်သွယ်။ ၁၈၈၆ ဗြိတိသျှလက်အောက် သွတ်သွင်းခံရ…။ နိုင်ငံသမိုင်း။ လူပုဂ္ဂိုလ်သမိုင်း။ လောကဓံမုန်တိုင်း။ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်။
ပုဂ္ဂလိက လူချွန်လူမွန်တွေရဲ့သမိုင်း။ အတ္ထုပ္ပတ္တိ။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ။ အတ္ထုပ္ပတ္တိစာပေ။ အဖွဲ့အနွဲ့။ ရုပ်ပုံလွှာ။ လျှပ်တစ်ပြက်ရုပ်ပုံလွှာ။ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ။ အားလုံးဟာ သမိုင်းတွေပါပဲ။ Jigsaw Puzzle လို ဆက်ရင်း ဆက်ရင်းနဲ့မှ ရုပ်ပုံကားချပ်တစ်ခု ပြည့်စုံသွားရမှာမျိုးတွေ…။ စွမ်းဆောင်ရည် မြင့်တဲ့သူတွေ၊ ထက်မြက်တဲ့ ခေါင်းဆောင်တွေ၊ အရည်အချင်းပြည့်ဝတဲ့ ကျွမ်းကျင်သူတွေ၊ သတ္တိသွေး စွေးစွေးနီတဲ့ အာဇာနည်တွေ၊ ပြောင်မြောက်ထူးချွန်တဲ့ အနုပညာရှင်တွေ၊ မတစ်ထောင် တစ်ကောင်ဘွား၊ လူလွန်မသားတွေ။ သူတို့အကြောင်း နောင်လာနောက်သားတွေ သိကောင်းစေ သိကြစေ သိစရာတွေ၊ သင်ခန်းစာ ဒါမှမဟုတ် သံဝေဂ။ ဒါမှမဟုတ် စံနမူနာပြ။ ဒါမှမဟုတ် ဂုဏ်ယူအားကျ။ ဒါမှမဟုတ် လိုက်နာအသုံးချ။ ဒါမှမဟုတ် ရည်ညွှန်းပြဆို ကိုးကားဆင့်ပွား။
(၄)
စိတ်ကူးချိုချိုစာအုပ်တိုက် တည်ထောင်မှု ၁၈ နှစ်ပြည့် အထိမ်းအမှတ်။ ‘၁၈ ထုပ္ပတ် မြန်ပြည်ရပ်’။ ၁၈ အုပ် တစ်စုံ။ ၂ဝ.၅ x ၁ဝ.၅ စင်တီ ကာဗာဒီဇိုင်းတူစာအုပ် ၁၈ အုပ် တစ်စုံ။ တန်ဖိုး ကျပ်ငွေ ၂ဝ,၇ဝဝ။ တစ်အုပ် ပျမ်းမျှ ၁,၁၅ဝ ကျပ်နှုန်း။ ရဟန်း၊ သံဃာ၊ ရှင်ဘုရင်၊ ဝန်ကြီးချုပ်၊ နိုင်ငံရေးသမား၊ တိုင်းရင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ သူပုန်၊ စစ်ဗိုလ်၊ ဆက်သား၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ဂီတသမား၊ အားကစားမယ်နဲ့ လူမိုက်ကြီးလို့ ရည်ညွှန်းထားတယ်။ ပါဝင်တဲ့ ပုဂ္ဂိုလ်ကျော်တွေကို အမည်တပ်ရရင် မင်းခေါင်ကြီး၊ အရှင်သြဘာသာဘိဝံသ၊ ဆရာတော်ဦးဥတ္တမသာရ၊ ဝန်ကြီးချုပ်ဦးနု၊ ဘကြီးဘဘေ၊ ဝန်းသိုစော်ဘွားဦးအောင်မြတ်၊ ဗိုလ်ဥတ္တမ၊့.Y.M.B. သခင်တင်၊ ဆရာစံ၊ဗိုလ်မှူးကြီးဗထူး၊ ရဲဘော်ကျော်ထင်၊ နန်းတော်ရှေ့ဆရာတင်၊ ပီမိုးနင်း၊ မလေးလုံ၊ ပန်းချီတော် ဆရာချုံ၊ မင်းမင်းလတ်၊ ဘားမယ်ကြွေ၊ လမ်းမတော်ဖိုးတုတ်နဲ့ ဗိုလ်တထောင်ငမိုး။
အဲဒီထဲမှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအဖြစ် ဆရာတော်အရှင်သြဘာသာဘိဝံသနဲ့ မင်းမင်းလတ် နှစ်ဦးကိုသာ တွေ့ရတယ်။ ကျန်တာတွေကိုတော့ ဟံသာဝတီဦးဘရင်၊ စိန်စိန်၊ ဦးစိုးမောင်၊ ဦးစံမြ၊ အောင်စိုး(တိရ္ဆာန်ဆေးကုဆရာဝန်)၊ နန်းညွန့်ဆွေ၊ ဒဂုန်ရွှေမျှား၊ သိပ္ပံစိုးရင်၊ ရဲဘော်စိန်လေး၊ ဦးသော်ဇင်၊ သင်္ခါ၊ မြသန်းတင့်၊ ဦးမင်းနိုင်၊ တင်တင်ကြီးနဲ့ သတင်းထောက်တစ်ဦးတို့က ရေးသားမှတ်တမ်းပြုကြတယ်။
ဒီအုပ်တွဲထဲမှာ မင်းခေါင်ကြီးဟာ အသက်အကြီးဆုံး။ မင်းမင်းလတ်က အသက်အငယ်ဆုံးဖြစ်တယ်။
(၅)
စိတ်ကူးချိုချိုရဲ့ တင်ဆက်မှုမှာ သူက အလွှာစုံအောင် ဖြန့်ကြက် ထည့်သွင်းထားတယ်။ ခေတ်သမိုင်းထဲမှာ ရှေ့တန်းက နေကြရသူတွေ များတယ်။ လူ့ဂုဏ်ရည်၊ အနုပညာဂုဏ်ရည်၊ သူရသတ္တိနဲ့ လူစွမ်းလူစရှိသူတွေကို ရွေးထားတာ။ သမိုင်းဝင်အဆင့်တွေ ပါသလို ကျော်ကြားပြီး လူသိများတဲ့ အနေအထားရှိသူတွေလည်း ပါတဲ့ မျှခြေတစ်ခုကို ပစ်မှတ်ထားတယ်လို့ ဆိုနိုင်တယ်။ စိန်စိန်ရဲ့ ဆရာတော်ဦးဥတ္တမသာရနဲ့ မြသန်းတင့်ရဲ့ မလေးလုံ နှစ်အုပ်သာ မဂ္ဂဇင်းထဲက ထုတ်ပြီး စာအုပ်ဖြစ်အောင် ဖန်တီးထားတာ။ ကျန်တာတွေက စာအုပ်ဖြစ်ပြီးသားတွေပေါ့။ ဦးစိုးမောင်ရဲ့ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်နဲ့ ဝန်ကြီးချုပ်ဦးနုက သမာမိတ္တစာအုပ်တိုက်က ၁၉၅၆ ခုနှစ်တုန်းက ထုတ်ထားတာ။ နန်းတော်ရှေ့ဆရာတင်၊ ပန်းချီတော်ဆရာချုံ၊ ဘားမယ်ကြွေ၊ ကျွန်တော့်ဆရာပီမိုးနင်း၊ နယ်ချဲ့ကို တော်လှန်သော ဗိုလ်ဥတ္တမနဲ့ ဆရာစံတွေက စာပေဗိမာန်ထုတ်တွေကို ပြန်ရိုက်ပေးတာ။
ဒီစုစည်းမှုဟာ ခုမှ စာအုပ် စစုမယ့် ပုဂ္ဂိုလ်တွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျကြရတဲ့ ဘဝပါပဲ။ တစ်အုပ်ချင်း လိုချင်လို့ လိုက်ရှာရင် တွေ့ဖို့ မလွယ်လှဘူးလေ။ စိတ်ကူးချိုချိုက တစ်စုံလုံးမှ ရောင်းမှာဖြစ်ပေမယ့် လက်လီဆိုင်လေးတွေက ကြိုက်တာယူဆိုပြီး ဖြုတ်ရောင်းရင် ပိုရောင်းရမယ် ထင်တာပဲ။ စာကြည့်တိုက်တွေမှာ ရည်ညွှန်းစာအုပ်အဖြစ် အတိအကျ အဆင်ပြေဖို့တော့ သေချာတယ် ။ ။
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀)မှ စာအုပ်အညွှန်း ဖြစ်ပါတယ်။
သင့်နော် ရေးသည်။