စစ်ကိုင်း – ၂၀၂၃ ဧပြီ ၈ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ဟာ Mi-35 ရဟတ်ယာဥ်နဲ့ ပစ်ခတ်ပြီး နောက်ထပ်ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေချကာ စစ်ကိုင်းမြို့၊ တလိုင်းရွာကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။
“ဒီကနေ့လေ လေးခေါက်ပြန်ချတာ၊ရွှေဘိုကနေ လေးခေါက်ပျံတာ၊ မုံရွာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကနေ နှစ်ခေါက်ပစ်ကူလာတာ၊တလိုင်းဘက်ကိုဝင်ပစ်ပြီး လူတွေလည်းချတယ်”လို့ ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က Mi-35ရဟတ်ယာဥ် နဲ့ပတ်ပစ်ပြီးနောက်စစ်သား ၁၀၀ ဝန်းကျင်ကို Mi-17 နဲ့ တလိုင်းရွာအနီးမှာလာရောက်ချခဲ့တာပါ။
တလိုင်းရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေထဲက ပစ္စည်းတွေသယ်ဆောင်သွားကာ နေအိမ်နှစ်လုံးက်ုမီးရှို့ထားခဲ့တယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။
တလိုင်းရွာကနေ အုတ်ဖိုရွာဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ဗိုလ်ကျားကြီးအဖွဲ့ နဲ့ရဲရဲတောက်အဖွဲ့တို့ တိုက်ခိုက်ခဲ့တယ်လို့ဗိုလ်ကျားကြီးပြောပါတယ်။
“စစ်ကြောင်းအထွက်ကိုတိုက်တာ ၊ ထိပ်တိုက်ဖြစ်တာသူတို့ဘက်ကအထိအခိုက်ကတော့ရှိတယ်၊ ဒါပေမဲ့အတိအကျမသိရဘူး၊ အချိန်ကတော့တစ်နာရီလောက်ကြာတယ်၊ သူတို့ဘက်ကလက်နက်ကြီး ငါးချက်ထုတယ်”လို့ ဗိုလ်ကျားကြီးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က Mi 35 နဲ့ ပထမတစ်ခါလာကတည်းက ဒေသခံရွာသားတွေထွက်ပြေးနေကြရပြီး လေယာဥ်ပစ်ခတ််မှုကြောင့်နေအိမ်နဲ့လမ်းတွေပျက်စီးမှုရှိခဲ့တယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။
ပုံစာ – တလိုင်းရွာ ထဲကမီးရှို့်ခံရတဲ့နေအိမ်နှစ်လုံး
ဓါတ်ပုံ – ဗိုလ်ကျားကြီး
#Dailynews

