ရန်ကုန်-၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း)
လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့၊ ဝန်ကြီးများရုံးပတ်လည်မှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာ ဖြတ်သန်းသွားလာသူတချို့ကို ဖမ်းဆီးစစ်ဆေးတဲ့အပြင် ဖုန်းတွေပါသိမ်းဆည်းတာတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
“မနေ့ကညနေက သူတို့ဘန်ကာရှေ့ကနေ ကောင်လေးတစ်ယောက်က ဖြတ်လျှောက်သွားတာ။ လှမ်းခေါ်တော့ အဲဒီကောင်လေးကကြောက်ပြီးထွက်ပြေးလို့ လိုက်ဖမ်းတာမိသွားတယ်။ ရိုက်နှက်ပြီး စစ်ကားနဲ့ ဖမ်းခေါ်သွားတယ်။ နောက်တစ်ယောက်ကျ အိုင်ဖုန်းကိုင်တာတွေ့လို့ အဲဒီဂိတ်ကနေ ဖုန်းယူစစ်ပြီး ဖုန်းကိုသိမ်းသွားတာ။ သိမ်းခံရတဲ့ကောင်လေးက လူကြီးတွေခေါ်ပြီးလာပြန်တောင်းတော့ မရှိတော့ဘူးဆိုပြီး ပြန်မပေးဘူး” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဝန်ကြီးများရုံးပတ်လည်က လမ်းထောင့်တွေမှာ အခုရက်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက သဲအိတ်တွေကာပြီး ဘန်ကာတွေပြုလုပ်ကာ လုံခြုံရေးယူထားတာပါ။
အဲဒီအပြင် ရန်ကုန်မြို့တွင်းနေရာအနှံ့မှာလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားသလို အိမ်စီးကားတွေနဲ့လည်း စစ်ကောင်စီတပ်သားတွေက နေ့စဉ်ကင်းလှည့်နေပါတယ်။
အခုလ ၁၉ ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ကုန်းနဲ့ ဝန်ကြီးများရုံးမှာ ကျင်းပမှာဖြစ်လို့ ၁၉ ရက်နေ့ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ အဲဒီနေရာတွေအနီးမှာ လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာလည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-ဝန်ကြီးများရုံးအနီးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဘန်ကာတချို့ကို ဒီနေ့မနက်ကတွေ့ရစဉ်။
ဓာတ်ပုံ-mawkun

