ရန်ကုန်- ၂၀၂၅ မေ ၁၅ (မော်ကွန်း)
ရန်ကုန်မှာ ယနေ့ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထု မငြိမ်သက်တာ၊ မုတ်သုံလေဆက်လက်ဝင်ရောက်လာနိုင်တာ၊ အပူပျံတက်တိမ်တွေဖြစ်ထွန်းတာတွေကြောင့် ဒီလ ၂၀ ရက်နေ့အထိ မိုးကောင်းနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ပါတယ်။
မနေ့က ညပိုင်းကတည်းက စတင်ရွာသွန်းနေတဲ့ ရန်ကုန်မြို့ကမိုးဟာ ဒီနေ့လယ်ပိုင်းအထိ အဆက်မပြတ်ရွာသွန်းနေတာ ဖြစ်ပါတယ်။
ဒီမိုးလေဝသဖြစ်စဉ်တွေကြောင့် ဒီရက်ပိုင်းတွေအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဒါအပြင် ဒီလ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာလည်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပုံစာ- ဒီမနက် ရွာနေတဲ့ ရန်ကုန်မြစ်အတွင်းဖြတ်သန်းသွားလာနေကြတဲ့ လှေငယ်တချို့
ဓါတ်ပုံ- မော်ကွန်း

