ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၂၀ (မော်ကွန်း)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်လိုက်ပါပို့ဆောင်သူတွေကို လေဆိပ်ပရိဝုဏ်အတွင်း ဝင်ခွင့်ပြုလိုက်ပြီလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကထုတ်ပြန်ပါတယ်။
နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ ဆိုက်ရောက်၊ ထွက်ခွာတဲ့ Terminal 1 မှာ ခရီးသည် လိုက်ပါ ပို့ဆောင်/ကြိုဆိုကြမယ့် မိသားစုဝင်တွေ ၊ မိတ်ဆွေ၊ ဆွေမျိုးတွေ ကို မနေ့နေ့လယ် ၁၁:၃၀ ကစပြီး လေဆိပ် ပရိဝုဏ်အတွင်း ဝင်ရောက်ခွင့်ပြုလိုက်ပြီလို့ အဲဒီ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ပြည်တွင်းကောပြည်ပခရီးစဉ် နှစ်ခုစလုံးပါ၊ လူဦးရေတော့ အကန့်အသတ်မရှိပါဘူး။ မှတ်ပုံတင်တစ်ကတ် ကို လူငါးယောက် ဝင်ခွင့်ပြုမှာပါ။ ၁၀ ယောက်ဆိုရင် မှတ်ပုံတင်နှစ်ကတ် ထားခဲ့ရမယ်” လို့ ရန်ကုန်လေဆိပ်မှာ တာဝန်ကျနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) မှ အရာရှိတစ်ဦးက ပြောပါတယ်။
ခရီးသည်တွေဟာ ဂိတ်အမှတ် (၃) နဲ့ (၄) ကနေ ဝင်ရောက်ရမှာဖြစ်ပြီး ဧည့်သည်တွေကတော့ ဂိတ်အမှတ် (၂) က မှတ်ပုံတင်ဌာနမှာ ဝင်ခွင့်ကတ်ပြားထုတ်ယူရမှာပါ။ ဧည့်သည်တွေလေဆိပ်အတွင်း မဝင်ခင်မှာ လုံခြုံရေးစစ်ဆေးမှုတွေကို ခံယူရမှာဖြစ်သလို ပရိဝုဏ်အတွင်းရောက်တဲ့အခါမှာလည်း ဝင်ခွင့်ကတ်ပြားကို တစ်ပါတည်းချိတ်ဆွဲထားရမယ်လို့ ရန်ကုန်လေဆိပ်က ထုတ်ပြန်ပါတယ်။
ပြန်ထွက်တဲ့အခါတော့ ဂိတ်အမှတ် (၆) ကနေ ထွက်ရမှာဖြစ်ပြီး ဝင်ခွင့်ကတ်ပြားပါ ပြန်အပ်နှံခဲ့ရမယ်လို့ဆိုပါ တယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေရပ်ဆိုင်းခဲ့သလို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်ကလွဲလို့ ဧည့်သည်တွေကို လေဆိပ်ပရိဝုဏ်အတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့တာပါ။
အဲဒီလိုပိတ်ပင်ခဲ့တာကြောင့် ဧည့်သည်တွေဟာ ဂိတ်အပေါက်ဝတွေကနေပဲ စောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် လေဆိပ်မှာ တာဝန်ကျဝန်ထမ်းတွေကို ငွေကြေးလာဘ်လာဘ ပေးရင်တော့ လေဆိပ်ထဲ ဝင်ရောက်ခွင့်ရခဲ့တယ်လို့ ခရီးသည်လိုက်ပါပို့ဆောင်ခဲ့သူ တစ်ဦးကပြောပါတယ်။
“ကျွန်မယောကျာ်းက သင်္ဘောတက်လို့ တစ်ခါတစ်ခါ လေဆိပ်ထဲဝင်မယ်ဆိုရင် သူတို့ကို ငါးသောင်းလောက်ပေးရတယ်။ အဲဒီ့ခါကျရင် သူတို့က လေဆိပ်ထဲဝင်လို့ရတဲ့ ကတ်ပြားလေးထုတ်ပေးတယ်။ အခုလို လုပ်ပေးလိုက်တော့ ပိုက်ဆံတွေမကုန်တော့ဘူးပေါ့။ မဟုတ်ရင် အထဲဝင်မယ်ဆိုအမြဲကုန်နေမှာ။” လို့ သူကပြောပါတယ်။
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေထက် ပြည်ပထွက်ပြီး အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံသားတွေ ပိုပြီးအတွေ့ရများပါတယ်။
ဒီနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေဆိပ်အသုံးပြုသူ ပြည်တွင်း၊ ပြည်ပခရီးသည် ၂ ဒသမ ၁ သန်း ခဲ့တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကထုတ်ပြန်ထားပါတယ်။
ပုံစာ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ကြသည့် ဧည့်သည်များ
ဓာတ်ပုံ- Yangon Aerodrome
#Dailynews