ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ မတ် ၂၉ (မော်ကွန်း)
ရန်ကုန်မှာ နောက်ထပ် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦး ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီည ၁၀ နာရီခွဲမှာ ကြေညာပါတယ်။ ဒါကြောင့် ရန်ကုန်မှာ ဒီရောဂါပိုး ကူးစက် ခံရသူ ခုနှစ်ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာနေတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားမှာ ရောဂါပိုးကူးစက်ခံထားရတာဖြစ်ပြီး ထိုင်းနိုင်ငံက ပြန်လာတဲ့ ထိုသူဟာ မတ် ၂၃ မှာ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်ကဝင်လာခဲ့ကာ မတ် ၂၆ မှာ မင်္ဂလာဒုံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုနေ့မှာပဲ ဖျားနာတာ၊ ချောင်းဆိုးတာတွေဖြစ်တာကြောင့် ပုလဲမြို့သစ် ပြည်သူ့ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့တာလို့ ဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။
နောက်တစ်ဦးကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်က အသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူ့မှာ ခရီးသွားရာဇဝင် မရှိပါဘူး။ ဒါပေမဲ့ မတ်လ ၂၇ တုန်းက ရောဂါပိုးကူးစက်ခံရကြောင်း ထုတ်ပြန်ထားတဲ့ နိုင်ငံခြားမှာ နှာခေါင်းကင်ဆာရောဂါ သွားရောက်ကုသခဲ့သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ရာဇဝင်ရှိသူဖြစ်တယ်လို့ ဝန်ကြီး ဌာနက ထုတ်ပြန်တယ်။ မတ် ၂၈ မှာ သူ့ကို ဝေဘာဂီဆေးရုံကို ခေါ်ယူကာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ခဲ့ပြီး နမူနာယူ ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့တာလို့ ဝန်ကြီးဌာနက ထုတ်ပြန်တယ်။
မတ် ၂၉ ည ၉နာရီအထိ လူ ၈၂ ဦးရဲ့ ဓါတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး အထက်ပါ အမျိုးသား နှစ်ဦးမှာသာ COVID-19 ရောဂါပိုး ကူးစက်ခံရတာကို တွေ့ရှိခဲ့တာဖြစ်ကာ ကျန်သူတွေဟာ ရောဂါကင်းရှင်းတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ထိုသူနှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ် ကုသမှုပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၀ ဦးအထိရှိလာပြီး ရန်ကုန်တိုင်းမှာ ခုနှစ်ဦး၊ မန္တလေးမှာ တစ်ဦး၊ ချင်းပြည်နယ်မှာ တစ်ဦးနဲ့ နေပြည်တော်ကောင်စီမှာတစ်ဦး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။
ဒီနေ့ည ထုတ်ပြန်သူ နှစ်ယောက်မပါဝင်သေးဘဲ ရှေ့မှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူရှစ်ဦးနဲ့ ထိတွေ့ဆက်နွယ်သူပေါင်း ၄၇၀ ကျော်ကို အသွားအလာကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒီနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ နေပြည်တော်က အစည်းအဝေးမှာ ပြောပါတယ်။
ဒါအပြင် ပြင်ပနိုင်ငံတွေက ပြန်လာသူတွေ မြင့်မားနေတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေကို ဗဟိုအဆင့်တာဝန်ရှိသူတွေ ထပ်တိုးစေလွှတ်အားဖြည့်မယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။
#Dailynews