ရန်ကုန်-၂၀၂၄ မေ ၁၆ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ အခုလအတွင်း စစ်ကောင်စီတပ်တွေက ညပိုင်းတွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ဆက်တိုက်ပြန်လုပ်ဆောင်လာပြီး ဖမ်းဆီးမှုတွေလည်းရှိတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တချို့က မော်ကွန်းကိုပြောပါတယ်။
“ရှေ့တစ်ပတ်တုန်းက ရပ်ကွက်ထဲမှာ ည ၁၀ နာရီလောက်ကစစစ်တာ တစ်ညလုံးနီးပါးပဲ။ မနက်လေးနာရီလောက်မှ အိမ်ပြန်ရတယ်။ ဧည့်စာရင်း ရက်ကျော်တာတွေ၊ မတိုင်ထားတဲ့သူတွေအကုန်ဖမ်းတာ အယောက်လေးဆယ်ကျော်ဖမ်းခံရတယ်။ ဖမ်းခံရတဲ့သူတွေကို ရဲစခန်းခေါ်သွားပြီး မနက်မှ တရားရုံးကနေ ဧည့်စာရင်းမတိုင်လို့ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်ပေးတာ” လို့ တောင်ဥက္ကလာပမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြေပြင်ကင်းထောက်ချန်နယ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုကြပါတယ်။
ရန်ကင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း “ ဧည့်စာရင်းတိုင်ရင် အုပ်ကြီးနဲ့ရုံးအဖွဲ့တွေက ရက်မကျော်ဖို့ ခဏတိုင်းသတိပေးတယ်။ ရက်ကျော်နေလို့ လာစစ်တဲ့အချိန် ဖမ်းခံရရင် သူတို့လည်း တာဝန်မယူနိုင်ဘူးလို့ပြောလို့ အမြဲတမ်းဧည့်စာရင်းတိုင်နေရတယ်”လို့ ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ အခုရက်ပိုင်းဧည့်စာရင်းစစ်ဆေးမှုတွေလုပ်ဆောင်တာဟာ လုံခြုံရေးအတွက်လို့ဆိုပါတယ်။
မနေ့ကညပိုင်းကလည်း စစ်ကောင်စီတပ်တွေဟာ သာကေတနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေထဲမှာ ဧည့်စာရင်းစစ်ဆေးခဲ့ပြီး လူနေများတဲ့အဆောင်တွေကို အဓိကထားစစ်ဆေးခဲ့သလို အခုလ ၁၄ ရက်ညပိုင်းကလည်း ကြည့်မြင်တိုင်မြို့နယ်မှာ ဧည့်စာရင်းစစ်ရင်း အမျိုးသားတစ်ဦးဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်တွေဟာ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ စမ်းချောင်း၊ တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေကိုလည်း မကြာခဏ ဧည့်စာရင်းစစ်ဆေးနေတယ်လို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေက ပြောကြပါတယ်။
ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီတပ်တွေဟာ အခုလပထမပတ်ကစပြီး ရန်ကုန်မြို့တွင်းမြို့နယ်တချို့က လမ်းဆုံ၊ လမ်းခွတွေမှာ လုံခြုံရေးကင်းတွေချထားသလို မြို့နယ်တွေအတွင်းကိုလည်း ကားတွေနဲ့ မကြာခဏကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
ပုံစာ-ဧည့်စာရင်းစစ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ။
ဓာတ်ပုံ-MOI