ရန်ကုန်-၂၀၂၃ နိုဝင်ဘာ ၂၁ (မော်ကွန်း)
ရန်ကုန်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းကစတင်ကာ ညစဉ်ဧည့်စာရင်းစစ်နေပြီး တစ်နေရာစစ်တိုင်း ဖမ်းခံရတဲ့သူ အနည်းဆုံးငါးယောက်အထက်ရှိတယ်လို့ မြို့ခံတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ နီးစပ်သူတွေက မော်ကွန်းကိုပြောပါတယ်။
ဧည့်စာရင်းစစ်ရင်းဖမ်းခံရပါက ရဲစခန်းကိုခေါ်သွားပြီး နောက်တစ်ရက်မှ ဒဏ်ကြေးဆောင်ခိုင်းကာ ပြန်လွှတ်ပေးတယ်လို့ တောင်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက်ရုံးတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နေ့တိုင်းစစ်နေတာအမှန်ပဲ၊ တော်တော်များများစစ်ပြီးသွားပြီ။ ဒီရက်ထဲမှာစစ်တယ်၊ ဖမ်းတယ်၊ ဒီနေ့ခေါ်မနက်ဖြန်လွတ်တယ်၊ ပါတာအများကြီးပဲ။ တစ်ညစစ်ရင် အနည်းဆုံးငါးယောက်ပါတယ်။ ဒဏ်ငွေတစ်သောင်းဆောင်ရတယ်။ ဧည့်စာရင်းမတိုင်ထားရင်၊ ရက်ကျော်နေရင် ခေါ်သွားတယ်။ ဒီနေ့ခေါ်သွားရင် နောက်နေ့ကျ ကိုးနာရီလောက်မှပြီးတာ။ တရားရုံးမှာ တရားဝင်ဒဏ်ကြေးဆောင်ရတာ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သာကေတမြိုနယ်ထဲမှာတော့ ဧည့်စာရင်းစစ်ရင်း ဖမ်းခံရတဲ့သူတွေကတော့ ငွေကျပ်သုံးသိန်းပေးပြီးမှ ပြန်လွတ်လာတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
“တနေ့ညက ၁၀ နာရီလောက် လမ်းထဲကို လာစစ်သွားတာ။ ရဲတွေစစ်သားတွေအများကြီးပါတယ်။ ဧည့်စာရင်းတိုင်ထားတာ ရက်လွန်နေလို့ဆိုပြီး ဘေးတိုက်က ကောင်လေးငါးယောက် ကားပေါ်တင်ခေါ်သွားတာ၊ မနက်ကျ တစ်ယောက်ကိုသုံးသိန်းပေးပြီးပြန်လွတ်လာတယ်။ ငွေမပေးနိုင်ရင် ၅၀၅ နဲ့ ထောင်ချမယ်လို့ သူတို့ကပြောတာတဲ့” လို့ သူကပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက်ရုံးတစ်ခုက ရာအိမ်မှူးတစ်ဦးကတော့ ငွေပေးပြီး ပြန်ရွေးရတယ်ဆိုတာ သတင်းမှားလို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စတဲ့မြို့နယ်တွေမှာတော့ ဧည့်စာရင်းမတိုင်တာ၊ ရက်လွန်နေတာမျိုးတွေ့ရင် ထောင်ဒဏ်တစ်လချမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ပြောထားတယ်လို့ အဲဒီ့မြို့နယ်တွေမှာနေထိုင်သူတွေက ဆိုကြပါတယ်။
“မတိုင်ထားရင် သူတို့က ဧည့်စာရင်းဥပဒေနဲ့ ထောင်တစ်လချမယ်ပြောလို့ အခုဧည့်စာရင်းတိုင်ကြတဲ့သူတွေ အများကြီးပဲ။ အခုရက်ထဲပိုစစ်နေတယ်” လို့ မြောက်ဥက္ကလာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အောက်တိုဘာလနှောင်းပိုင်းနဲ့ အခုလ အစောပိုင်းကစပြီး နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့ထဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေ ဝင်ရောက်ခိုလှုံမှာစိုးတာကြောင့် ဧည့်စာရင်းအကြောင်းပြပြီး ညတိုင်းစစ်ဆေးနေတာလို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေမှာလည်း အခုရက်ပိုင်းအတွင်း PDFတွေ မြို့ကြီးတွေကို စိမ့်ဝင်လာနိုင်တာကြောင့် စစ်ကောင်စီတပ်တွေ၊ ရဲတွေအနေနဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်တာ၊ ဖုန်းတွေစစ်ဆေးတာတွေပါ လုပ်ဆောင်ကြဖို့ ပြောဆိုနေကြပါတယ်။
ရန်ကုန်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေက ညပိုင်းဧည့်စာရင်းစစ်ဆေးတဲ့အခါ နေအိမ်တွေထဲထိ ဝင်ရောက် မွှေနောက်စစ်ဆေးတာတွေရှိသလို ဖုန်းတွေထဲမှာ ပြောဆိုစာပို့ထားတာတွေ၊ ဓာတ်ပုံတွေပါ စစ်ဆေးတာတွေလုပ်ဆောင်တယ်လို့ ဧည့်စာရင်းစစ်ခံခဲ့ရသူတွေက ပြောကြပါတယ်။
ပုံစာ-ဧည့်စာရင်းစစ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-MOI