ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
ရန်ကုန်မြစ်ရေဟာ လာမယ့်ရက်ပိုင်းအတွင်း ထူးကဲဒီရေတက်လာနိုင်တဲ့အတွက် မြစ်ကမ်းဘေးမှာ နေထိုင်သူတွေ သတိပြုဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ယခုလ ၁၅ ရက်ကနေ ၁၈ ရက်အတွင်း ရန်ကုန်မြစ်ရေဟာ ဒီရေအတက်အကျကို တွက်ချက်တဲ့ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ကျော်ထိ မြင့်တက်နိုင်ဖွယ်ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားတာပါ။
အဲ့ဒီအတွက်ကြောင့် မြစ်ကမ်းနားအနီးမှာ နေထိုင်သူတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ ဒလမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ပုံမှန်ရေလျှံတာတွေရှိပေမယ့် ရေကြီးမှုတော့ မရှိသေးဘူးလို့ ပြောပါတယ်။
“အတွင်းပိုင်းဘက်တွေကတော့ ဘာမှတော့ရေမတက်ဘူး။ မြစ်ကမ်းဘေးမှာနေတဲ့သူတွေ သမ္ဗန်ဆိပ်တို့ မြစ်ထဲ ငါးဖမ်းတာတို့ဘာတို့လုပ်တဲ့သူတွေတော့ သတိထားရမယ်။ ဒီရေတက်ရင်တော့ လှေနစ်မြုပ်တာတွေတော့ ရှိဖူးတယ်” လို့ သူကပြောပါတယ်။
ရန်ကုန်မြစ်ရေဟာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ကာလတွေက အခြေခံရေစစ်မျဉ်းရဲ့အထက် အမြင့်ပေ ၂၂ ပေထိ ထူးကဲဒီရေ အမြင့်ဆုံးရောက်ရှိခဲ့ဖူးတယ်လို့ မြန်မာ့ဆပိကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပြီး လက်ရှိအခြေအနေဟာ စိုးရိမ်ဖွယ်ရာအခြေအနေမရှိဘူးလို့လည်း ဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ အသိပေး ထုတ်ပြန်ထားပါတယ်။
Photo – Myanmar Port Authority
ပုံစာ – ရန်ကုန်ဆိပ်ကမ်းကိုမြင်ရစဉ်

