သဇင်လတ်
ဒီဇင်ဘာ-၁၆
ယာဉ်မတော်တဆမှုများတွင်ယာဉ်မောင်းမှ လျော်ကြေးအပြည့်ပေးရန် သတ်မှတ်မှုဖျက်သိမ်းရေး၊ အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသည့်ယာဉ်မောင်းများကို ဥပဒေနှင့်အညီခံစားခွင့်ပေးရေး အပါအဝင်တောင်းဆို ထားသည့်အချက်များကို ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC) ဘက်မှ လိုက်လျောမှု မရှိသေးသဖြင့် ဆန္ဒဖော်ထုတ်ရန် ပြင်ဆင်နေကြောင်း အမှတ်(၃၇) ယာဉ်လိုင်းမှ ယာဉ်မောင်းများက ပြောသည်။
“ ခဏခဏညှိနေပြီး ခရီးမပေါက်တဲ့အတွက် မညှိနိုင်တော့ဘူးပြောထားတယ်။ သူတို့ဘက်ကလိုက်လျောမှာလား ၊ မလိုက် လျောဘူးလား၊ Yes or No တစ်ခုခုပြောလို့တော့ပြောထားတယ် ။ သူတို့ဘက်က အခုထိတော့ တိကျတဲ့အဖြေတွေ မလာ သေးဘူး။ ဝေ့နေတုန်းပဲ ” ဟု ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ အခြေခံယာဉ်မောင်း အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် ကိုမျိုးမင်းထွန်းက ပြောသည်။
လာမည့် ဗုဒ္ဓဟူးနေ့တွင် ယာဉ်မောင်းများဘက်မှ တောင်းဆိုချက်များကို လေးကြိမ်မြောက် ညှိနိူင်းမှုအဖြစ် ကုမ္ပဏီဘက်မှ ခေါ်ယူထားပြီး ယင်းအစည်းအဝေးတွင် အဓိကတောင်းဆိုချက်များ ညှိနှိုင်းမရရှိပါက ဆန္ဒပြမှုများ စတင်မည်ဟု ယာဉ်လုပ် သားများက ပြောသည်။
အခြေခံအလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအပါအဝင် ယာဉ်မတော်တဆဖြစ်စဉ်များတွင် ကုမ္ပဏီဘက်မှ တာဝန်ခံမှု ရှောင်လွှဲမည့်သတ်မှတ်ချက်များကို ပယ်ဖျက်ပေးရန် လက်ပတ်နီကမ်ပိန်းအဖြစ် ယာဉ်မောင်းများဘက်က နှစ်ကြိမ် တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။ ယင်းတို့၏တောင်းဆိုချက်များကို ယခင်က ဝင်ရောက်ညှိနှိုင်းပေးသည့် ကုမ္ပဏီဘက်မှ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမောင်အောင်နှင့် ဦးလှအောင်တို့က ကတိခံခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့ နုတ်ထွက်သွားသည့်အတွက် သဘောတူညီချက်များ ပျက်ပြယ်သွားခဲ့သည်ဟု ကိုမျိုးမင်းထွန်းက ရှင်းပြသည်။
အထက်ပါပုဂ္ဂိုလ်နှစ်ဦး ကုမ္ပဏီမှ နှုတ်ထွက်သွားသည်ဆိုသော်လည်း YBPC ၏ ဘုတ်အဖွဲ့စာရင်းတွင်မူ ဒေါက်တာမောင်အောင်ကို ဥက္ကဌအဖြစ်ဖော်ပြထားပြီး ဦးလှအောင်သည် ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်အဖြစ် ယနေ့ အထိ ဖော်ပြထားကြောင်း ကိုမျိုးမင်းထွန်းကပြောသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ YBPC ကုမ္ပဏီ လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ဆက်သွယ်ရာတွင် ပြောရေးဆိုခွင့်မရှိဟု ငြင်းဆိုခဲ့ပြီး ဖြေကြားပေးမည့် အကြီးအကဲ၏ ဖုန်းနံပတ်ကိုလည်း မပေးခဲ့ပါ။
အမှတ် (၃၇) ယာဉ်လိုင်းသည် ရန်ကုန်တိုင်းဒေသကြီး၏ နယ်စွန်ဒေသများဖြစ်သော မှော်ဘီ၊ လှည်းကူး၊ ထောက်ကြန့် ဒေသများမှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်သည်။
#mawkun #magazine #chronicle #dailynews