အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုရေစီပါတီ(UNDP) က ယနေ့ တောင်းဆိုလိုက်သည်။
UNDP ပါတီအတွင်းရေးမှူး နော်အုန်းလှက “ ရန်ကုန်မှာ COVID ဖြစ်တာကလည်း အများဆုံးဖြစ်တယ်လေ။ တခြားနေရာတွေမှာက သူတို့က မဲဆွယ်တယ်။ ရန်ကုန်မှာကျတော့ တိုင်းရင်းသားတွေအနေနဲ့ကျတော့ နစ်နာတာပေါ့။ ရန်ကုန်က တခြားနေရာထက်စာရင် ရောဂါပိုပြီးအဖြစ်များနေတယ်။ ဒါကြောင့် နှစ်လလောက်တော့ နောက်ဆုတ်ပေးစေချင်တယ်” ဟု ပြောသည်။
UNDP ပါတီ၏ တောင်းဆိုချက်တွင် ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအာမခံချက်နည်းပါးလှသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပပါက ပြည်သူတို့၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ပြည်သူ့ကျန်းမာရေးသည်သာ အဓိက ပထမဖြစ်သည်ဟုယုံကြည်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်သူတို့၏ ကျန်းမာရေးကို ငဲ့ကွက်ခြင်းဖြင့်လည်းကောင်း၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို ဦးတည်၍လည်းကောင်း၊ ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုနှင့် တရားဝင်မှုအတွက်လည်းကောင်း စသည့်အကြောင်းအချက်များပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home ထုတ်ပြန်ထားသည့် မြို့နယ် ၄၄ ခုတွင် ရွေးကောက်ပွဲရွေ့ဆိုင်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးအားကစားဝန်ကြီးဌာန၏ ယမန်နေ့ညဘက်တွင် ထုတ်ပြန်သည့်စာရင်းအရ မြန်မာနိုင်ငံတွင် COVID – 19 အတည်ပြုလူနာ ၃၈,၅၀၂ ဦးရှိပြီး သေဆုံးသူ ၉၄၅ ဦးရှိသည်။
ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းကြောင့် ဦးဆောင်သူကို တရားစွဲဆိုရုံးထုတ်ရာတွင် လာရောက်သူဝန်းရံသူ နော်အုန်းလှအား သြဂုတ်လအတွင်းတွင် တွေ့ရစဉ်။
ဓာတ်ပုံ – စည်သူ ။
#Dailynews

