သဇင်လတ်
ရန်ကုန် ၂၀၂၀ – စက်တင်ဘာ ၂၅ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီးကို COVID-19 ရောဂါထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်မှုများ သတ်မှတ်ပြီးနောက် အလှူရှင်များ လာရောက်မှု နည်းသွားသည့်အတွက် မိဘမဲ့ဂေဟာတစ်ချို့တွင် စားသောက်စရာ အခက်အခဲ စတင်ကြုံနေရကြောင်း ဂေဟာတာဝန်ရှိသူတစ်ချို့က ပြောသည်။
ယင်းအပြင် ထိုဂေဟာများရှိ ရင်ခွင်ပိုက်အရွယ်မိဘမဲ့ကလေးငယ်များ၏ အသုံးအဆောင် ပစ္စည်းများလည်း ပြတ်လပ်သည့်အကျပ်အတည်းနှင့် ကြုံနေရကြောင်း သူတို့က ဆိုသည်။
ရွှေပြည်သာမြို့နယ်ရှိ မျိုးဆက်သစ်မိဘမဲ့ဂေဟာသည် မိဘမဲ့ကလေး အယောက် ၆၀ ကျော် ကို ပြုစုစောင့်ရှောက်ထားသည့် ဂေဟာတစ်ခုဖြစ်သည်။
ရောဂါကူးစက်နေသည့်ကာလအတွင်း ဂေဟာသို့ အလှူရှင်မလာတော့သည့်အတွက် အကျပ်အတည်းကြုံနေရခြင်းဖြစ်ကြောင်း မျိုးဆက်သစ်ဂေဟာမှ ပြုစုစောင့်ရှောက်သူတစ်ဦး ဖြစ်သည့် ဒေါ်ကျင်ရှန်းကြည်က ပြောပြသည်။
“ ခါတိုင်းဆိုလို့ရှိရင် ကလေးတွေကို အလှူရှင်တွေဘာတွေလည်းရှိပြီးအဆင်ပြေတော့တစ်ရက်မှာ သုံးနပ်လောက် ကျွေးတယ်ပေါ့နော်။ အခုကကျတော့ နည်းနည်းလျှော့ပြီးတော့လေ၊ တစ်ရက်မှာနှစ်နပ်၊ အဲလောက်ပဲပေါ့နော်။ တစ်ပတ်မှာ သုံးရက်လောက်ကို တစ်ရက်ကို နှစ်နပ် အဲ့လိုပဲကျွေး အဲ့လိုမျိုးတွေလုပ်နေရတယ်။ ဆရာ၊ဆရာမ တွေ ဂေဟာမှူးတွေကအစ အဲ့ဒီလိုပဲစားကြတယ်” ဟု သူက လက်ရှိအခြေအနေကို ရှင်းပြသည်။
လတ်တလောတွင် ကလေးငယ်အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်နေပြီး အလှူရှင်လည်း မရှိကြောင်း သူက ပြောသည်။
ဒေါ်ကျင်ရှန်းကြည်တို့၏ မျိုးဆက်သစ် မိဘမဲ့ဂေဟာ၏ တစ်နေတာစားသောက်စရိတ်သည် ငွေကျပ် နှစ်သိန်းခွဲခန့် ရှိသည်။ လတ်တလောတွင် အလှူရှင်နည်းပါးနေသည့်အတွက် တစ်ရက်ကုန်ကျစရိတ်ကို ငါးသောင်းကျပ်အထိလျှော့ချကာ ကလေးငယ်များကို ကျွေးမွေး စောင့်ရှောက်နေသည်ဟု သူကပြောသည်။
တိုက်ကြီးမြို့နယ်ရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း(YGW) တွင် ကလေးငယ် များအတွက် အဟာရနို့မှုန့်နှင့် သေးခံဂွမ်းထုတ် ပြတ်လပ်နေသည်ဟု ဂေဟာတာဝန်ရှိသူက ပြောသည်။ ယင်းဂေဟာတွင် ရင်ခွင့်ပိုက်အရွယ်ကလေးငယ် ၆၀ အပါအဝင် ကလေးငယ် ၃၀၀ ကျော်ကို ပြုစုစောင့်ရှောက်ထားသည်။
လတ်တလောတွင် အလှူရှင်နည်းသွားသည့်အတွက် ယခင်က စုဆောင်းထားသည့် ရိက္ခာခြောက်များဖြင့် ဂေဟာရှိကလေးများ၏ ဝမ်းရေးကို ဖြေရှင်းနေရကြောင်း ဂေဟာမှ ဆရာတော်တစ်ပါးဖြစ်သည့် အရှင်တေဇိန္ဒက မိန့်သည်။
“ အခုအဓိကကတော့ ကလေးသေးသေးလေး တွေအတွက် Diaper နဲ့နှို့မှုန့်ပေါ့။ အဲ့တာတွေကလုံးဝပြတ်သွားတာဖြစ်တဲ့အတွက်လိုအပ်နေတာပေါ့” ဟု ဆရာတော် အရှင်တေဇိန္ဒက မိန့်သည်။
COVID -19 ရောဂါမဖြစ်ခင်က ဆိုလျှင် ပိတ်ရက်များတွင် အစားအသောက်လှူဒါန်းသူများ ပုံမှန်ရှိခဲ့ပြီး တစ်ရက်လျှင် အလှူငွေသည် ကျပ်နှစ်သိန်းနီးပါးအထိ ရရှိသဖြင့် ဂေဟာလည်ပတ်ရေး အဆင်ပြေသော်လည်း လတ်တလောတွင် အလှူရှင်တစ်ဥ◌ီးမျှမရှိတော့ကြောင်း ဆရာတော်က ရှင်းပြသည်။
YGW ပရဟိတဂေဟာရှိ ကလေးငယ်များအတွက် တစ်ရက်စားသောက်စရိတ်ကုန်ကျငွေ သည် ကျပ် ငါးသိန်း ရှိကြောင်း ဆရာတော်က ပြောသည်။
လူမှုဝန်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၏စာရင်းများအရ နိုင်ငံတစ်ဝန်းတွင် မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ (လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ) ၂၃၁ ခုရှိသည်ဟု ဖော်ပြသည်။
Photo : တိုက်ကြီးမြို့အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ဂေဟာ
#Dailynews

