မကြာမီတွင်ကျင်းပတော့မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၂၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများလည်း ပါဝင်ကာ မဲဆွယ်ရာတွင် အချို့သည် ပါတီအမှတ်တံဆိပ်အသုံးပြုသော်လည်း အချို့သည် အသုံးမပြုဘဲ တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများရှိရာ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ စည်ပင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်တင့်အား မော်ကွန်းသတင်းထောက် ကောင်းထက်စံက သွားရောက်တွေ့ဆုံမေးမြန်းထားသည့်ထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဦးခင်မောင့်တင့်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နေရာ မဲဆန္ဒနယ်အမှတ် (၆)မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူလည်းဖြစ်သည်။
မော်ကွန်း – ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဝင်ပြိုင်ကြတာ ဘယ်နှစ်ယောက်လောက်ရှိလဲ။ မြို့တော်နေရာရော မြို့နယ်နေရာရောမှာ။
ဦးခင်မောင်တင့် – ဆရာတို့ပါတီအနေနဲ့က ဒီစည်ပင်သာယာရွေးကောက်ပွဲမှာ ဝင်ပြိုင်ပါ မပြိုင်ပါနဲ့တော့ အဲ့ဒီလို ချမှတ်ထားတဲ့မူဝါဒမရှိဘူး။
ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကတော့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ပါတီကနေထွက်ပေးရလိမ့်မယ်။ အခုက ပါတီကနေထွက်စရာမလိုဘူးဆိုတဲ့ ဥပဒေအရပေါ့နော်။ အဲ့တော့ ပါတီဝင်တွေကလည်း ပြိုင်ချင်တဲ့သူပြိုင်ပေါ့။
တချို့ကပါတီဝင်ဖြစ်တယ်။ ဖြစ်ပြီးတော့မှ စည်ပင်သာယာလုပ်ငန်းကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားတဲ့အခါကျတော့ သူက ခုနကပြောသလိုပေါ့ ဒါသည် အလုပ်လုပ်ရမယ့်နေရာဖြစ်တယ်။
ဒါကို ပါတီအနေနဲ့မပြိုင်ဘဲ တချို့က ပုဂ္ဂလိကအနေနဲ့ ပြိုင်ချင်ကြတယ်ပေါ့။ တချို့ကျတော့လည်းပါတီမိတ်ဆွေတွေရှိတယ်။ ဒီအပေါ်မှာ အရည်အချင်းရှိတဲ့သူတွေရှိတယ် ပါတီကနေပြီးတော့ ။
အဲ့တော့ အဓိက ပါတီကနေပြီးတော့ ပြိုင်တာကတော့ ၂၃ ယောက်ပဲရှိပါတယ်။ ပါတီရဲ့ တံဆိပ်တွေ လိုဂိုတွေကို သုံးပြီးတော့။ ကျန်တဲ့ဟာကတော့ ၅၈ ယောက်ကတော့ ဒါ … ပါတီကတော့ ဝန်းရံပေးတယ်။
ဒါပေမဲ့ ပါတီကိုယ်စားပြုတော့ မဟုတ်ဘူးပေါ့နော်။ ပါတီမိတ်ဆွေတွေလည်းပါတယ်။ တချို့လည်း ပါတီဝင်တွေလည်းပါတယ်။ ဒါပေမယ့် ခုန ပုဂ္ဂလိကကနေ ပြိုင်မယ်ဆိုရင် ခုနက စုဖွဲ့မှုအားကြတော့ အားနည်းတဲ့အတွက်ကြောင့်မို့ လာပြီးတော့ … ဒီဥစ္စာက အဓိကဘာလဲဆိုတော့ တို့ကြံ့ခိုင်ရေးပါတီအနေနဲ့ကတော့ ခုန အလုပ်လုပ်မယ့်နေရာကို တကယ်လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ရောက်သွားရင် ဒါ .. ရောက်သွားစေဖို့ပါပဲ။
ဒီလိုပဲ အပြုသဘောနဲ့ ဝင်ပြီး ပြိုင်ကြတာပေါ့နော်။ ဒီဟာကြီးကို လက်ဝါးကြီးအုပ်ဖို့တို့ ဒီဟာတွေ ဖြစ်ဖို့တို့ မဟုတ်ပါဘူး။ ထိုက်တန်တဲ့သူတွေ ရောက်သွားအောင် ဝင်ပြိုင်တာပါ။
မော်ကွန်း – တချို့တွေလူတွေကျတော့ ဆိုင်းဘုတ်တွေ စာရွက်တွေမှာ ပါတီလိုဂိုပါတယ် တချို့တွေမှာမပါဘူးပေါ့နော် ဒါပေမဲ့ သူတို့ကလည်း ပါတီအနေနဲ့ ပြိုင်တာပဲလို့ ပြောတယ်။ ဘယ်လိုကွာခြားမှုရှိလဲ။
ဦးခင်မောင်တင့် – အဲ့ဒါတွေကျတော့ ကော်မရှင်ပေါ့နော် ကော်မရှင်မှာ ရွေးကောက်ပွဲကလည်း သုံးနှစ်လောက်ကြာသွားတယ်ပေါ့နော်။ အခုအစိုးရသက်တမ်းငါးနှစ်ဆိုတော့ သူက နှစ်နှစ်ပဲကျန်တော့တယ်။ နှစ်နှစ်ပဲကျန်တော့တဲ့အချိန်မှာ ထလုပ်လိုက်တယ်။ လုပ်လိုက်တဲ့အခါမှာ အရင်နဲ့မတူတဲ့ အနေအထားပေါ့ အရင်တုန်းကတော့ လုံးဝပါတီကနေထွက်ရတယ်။
အခုကတော့ ပါတီကနေပြီးတော့ မထွက်နဲ့။ ပြိုင်ဆိုတဲ့အခါကျတော့ တချို့က ဒီဟာကို သိပ်သဘောမပေါက်ကြဘူး။ သူဟာ ဒီပါတီရဲ့ မိတ်ဆွေ၊ ပါတီဝင်ဖြစ်တယ်။ ဒါပေမဲ့သွားပြိုင်တဲ့အခါကျတော့ သဘောမပေါက်ဘူးလေ။ တချို့ကျတော့လည်း လိုဂိုတောင်းတယ်။ တောင်းရင်ဒါသည် ရွေးကောက်ပွဲကော်မရှင်က လိုဂိုဆိုလို့ရှိရင် ဌာနချုပ်ကနေ သွားယူရတယ်။
အချိန်ကတိုတဲ့အခါကျတော့ တချို့က နားမလည်တဲ့အခါကျတော့ ဓါတ်ပုံပေးလိုက်တယ်။ ဓါတ်ပုံပေးလိုက်တဲ့အခါကျတော့ ဓါတ်ပုံသည် တသီးပုဂ္ဂလဖြစ်သွားရော။ လိုဂိုပေးလိုက်တဲ့သူကျတော့ ပါတီရဲ့လိုဂိုဖြစ်သွားရော။ ဖြစ်သွားတဲ့အခါမှာ ဒီလိုဂိုကလည်း ဒီဌာနချုပ်ကိုသွားပြီးတော့ တောင်းရတဲ့အခါမှာ ခုနအချိန်လေးတွေမှာ ကန့်သတ်ချက်လေးတွေရှိတဲ့အခါကျတော့ တချို့ကလည်း အမြန်လုပ်လိုက်ရတဲ့အခါကျတော့ ပါတီဝင်ဖြစ်သော်ငြားလည်း လိုဂိုမသုံးဘဲနဲ့ ဓါတ်ပုံတွေဖြစ်သွားတယ်။
အဲ့တော့ ဒီလူတွေက ဒါဆိုရင်တော့ ပါတီနဲ့ ရောထွေးယှက်နွယ်လုပ်ရင်တော့ မကောင်းဘူးဆိုပြီးတော့ သူတို့ကလည်း ခုန ပါတီဝင်ဖြစ်သော်ငြားလည်း သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ပဲ ပြိုင်ကြတာပေါ့နော်။ ပြိုင်ကြပြီးတော့ အဲ့ဒီဓါတ်ပုံတွေထောင်တယ်။ အဓိကအဲ့လိုပါပဲ။
မော်ကွန်း – မဲဆန္ဒနယ် အမှတ်(၃)ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မထက်ထက်ထွန်းပေါ့နော်။ မထက်ထက်ထွန်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဝင်ပြိုင်တာလို့ ကြားရတယ်။ အဲ့ဒါဟုတ်လား။
ဦးခင်မောင်တင့် – ခုနပြောသလိုပေါ့။ ပါတီကိုယ်စားပြုခြင်းမပြုခြင်းဆိုတာထက်လေ ဒီပါတီရဲ့သဘောထားပေါ့နော်။ ပါတီရဲ့သဘောထားကတော့ ဘယ်ကပဲ လာလာ။ တကယ်လုပ်ချင်ကိုင်ချင်စိတ်ရှိတယ်ဆိုရင်တော့ ဝိုင်းပြီးတော့ ကူပေးရမယ်လေ။ ဘာကြောင့်လဲဆိုတော့ စုဖွဲ့မှုကျတော့ ပါတီကရှိတယ်။ တစ်ယောက်တည်းကျတော့ မရှိနိုင်ဘူးပေါ့။
မော်ကွန်း – ဘယ်လိုမျိုး သူဝင်ပြိုင်ဖြစ်တာလဲ။
ဦးခင်မောင်တင့် – ဆရာတို့ကမ်းလှမ်းတဲ့သူတော့ မရှိဘူး။ ဆရာတို့ သိရသလောက်ဆိုရင်တော့ မထက်ထက်ထွန်းရဲ့ ဖခင်က အရင်မြောက်ပိုင်းခရိုင် စည်ပင်မှာ ဥက္ကဋ္ဌကြီးဖြစ်ခဲ့ပါတယ်။ ဥက္ကဋ္ဌဖြစ်ခဲ့တာအခါကျတော့ ဒီဥက္ကဋ္ဌ သူ့အရှိန်နဲ့ပေါ့နော်။ ဒီကလေးကို သူကပြန်ပြီးတော့ Supporting လုပ်ပြီးတော့မှ သူကဖြစ်စေချင်တဲ့ သဘောရှိပါတယ်။ သဘောရှိတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်တွေကလည်း အရင်တုန်းက ဦးတို့ ဒီပါတီကနေပြီးတော့မှ အခမဲ့ဆေးကုတာတို့ဘာတို့ညာတို့ပေါ့ ဒါတွေကို ဦးဆောင်ပြီး လိုက်လုပ်ပေးနေတဲ့သူဆိုတော့ ဒီတစ်ယောက်တည်းအားနဲ့ ပါတီဆိုလို့ရှိရင်တော့ ခုနက ပြောသလိုပေါ့ ပန်းဖလက်(လက်ကမ်းစာစောင်) ဝေတာကအစ အစုအဖွဲ့ရှိတော့ ဒါလေးတွေကို ဝိုင်းကူဖို့အတွက်ကို ဆရာတို့အနေနဲ့ကတော့ ဘယ်သူလာပါ။ ပြိုင်ပါလို့တော့ မရှိပါဘူး။ အားလုံးကို Freedom ပဲ အကုန်လွှတ်ပေးထားတယ်။ ပြိုင်ကြ တကယ်စစ်မှန်တဲ့သူတွေ၊ စစ်မှန်ခြင်း၊ မစစ်မှန်ခြင်း ဒီကိုယ်စားလှယ်အရည်အချင်းကလည်း ပြည်သူကပဲအဆုံးအဖြတ်ပေးမယ့်သူပဲလေ။ ပြည်သူကပဲပေးမှာပဲ။ ဘယ်လောက်ပဲအပြောကောင်းကောင်း ရှေ့မှာ ရှေ့ကြောင်း နောက်ကြောင်းတွေ ကြည့်ပြီး ပြည်သူကပေးမှာပဲ။ တစ်ခုရှိတာတော့ ပြည်သူကို ဒီကိုယ်စားလှယ်တွေရဲ့ အတိတ်သမိုင်းကြောင်းကို သိနိုင်ဖို့အတွက်ကတော့ တို့ဆီမှာ အားနည်းနေသေးတယ်။
မော်ကွန်း – ကျွန်တော်မရှင်းတာက မထက်ထက်ထွန်းက သူ့အနေနဲ့ ဒီပါတီအနေနဲ့ပြိုင်မယ်လို့ပြောတာလား။
ဦးခင်မောင်တင့် – သူတို့ပြောတယ်လို့တော့ မကြားမိပါဘူး။ အဓိကကတော့ ဆရာတို့လိုဂိုသုံးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဆရာတို့ ပါတီကိုယ်စားပြုပြိုင်တယ်။ လိုဂိုမသုံးတဲ့သူတွေကတော့ ပုဂ္ဂလိကအနေနဲ့ပြိုင်ကြတယ်။ ပုဂ္ဂလိကအနေနဲ့ ပြိုင်ကြတဲ့အခါမှာ သူတို့ကလည်း ပြည်သူပဲလေ။ ကြံ့ခိုင်ရေးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ။ တချို့ကျတော့လည်း ဒီပါတီဘာညာကို မဝင်ချင်ကြဘူးလေ။ ပါတီလုပ်ငန်းကို မလုပ်ချင်ကြဘူး။ ဒါပေမဲ့ တချို့ကျတော့ ဝါသနာပါတာက ခုနကလို အလုပ်လုပ်ရတဲ့အလုပ်ကို ဝါသနာပါတယ်။ စည်ပင်သာယာက အလုပ်လုပ်ရတာကို။ အဲ့တော့ ဒီလုပ်ငန်းကို လုပ်ချင်တဲ့သူဆိုရင်လည်း ဒီပါတီကို လာပြီးတော့ အကူအညီတောင်းတယ်။ အကူအညီတောင်းတယ်ဆိုတာ ခုနကပြောသလိုပေါ့ ပန်းဖလက်ဝေတာကအစ စုဖွဲ့မှုပေါ့နော်။ လုပ်အားဘာညာ စုဖွဲ့မှု ရပ်ကွက်တွေကျလိုတယ်လေ။ ဒါဆိုလို့ရှိရင်ကျ တို့ကကူညီပေးတာပေါ့နော်။ ကူညီပေးတယ်။ ပါတီကိုယ်စားပြုတာကျတော့ ၂၃ ယောက်ပဲရှိပါတယ်။
မော်ကွန်း – သူကကျတော့ ပါတီဝင်ပဲလား။
ဦးခင်မောင်တင့် – မထက်ထက်ထွန်းလား။ သူကကျတော့ ပါတီဝင်လား မဝင်လား ဦးသေချာမသိဘူး။
မော်ကွန်း – နောက်တစ်ခုကတော့ ဒီလို ပါတီလိုဂိုအသုံးပြုတဲ့သူတွေ၊ အသုံးမပြုတဲ့သူတွေကို ပါတီက ထောက်ပံ့တာတွေရှိလား။
ဦးခင်မောင်တင့် – ဆရာတို့အနေနဲ့ကတော့ ဒီလိုဂိုသုံးတဲ့သူဆိုရင်လည်း အသုံးပြုမှုပေးပါတယ်။ ဒါပေမဲ့ ပေးတဲ့ဟာဆိုတဲ့ဟာလေးကလည်း အင်မတန်နည်းပါတယ်။ ဆရာတို့ဒီဘက်ကနေပြီးတော့။ အခု တွက်ကြည့် ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ကြမယ်ဆိုရင် ပါတီက အကုန်လုံးပါလာရင်တော့ အားကောင်းတာပေါ့။
သဘောက မြို့နယ်အဆင့်မှာ သိန်းတစ်ရာ၊ သုံးယောက်ဆိုတော့ သိန်းသုံးရာပေါ့။ ကော်မတီဝင်အဆင့်ဆို နှစ်ရာ။ သိန်းငါးရာပေါ့။ သိန်းငါးရာဆိုရင် ရွေးကောက်ပွဲအသုံးစရိတ်လည်း မကျော်ဘူး။ မြို့နယ်ထဲမှာဆိုရင် အကြိုက်လုပ်လို့ရတာပေါ့။
ဥပမာပြောရရင် အခုဗီနိုင်းတွေ တွေ့တယ်မဟုတ်လား။ အများကြီးပဲ။ ဦးတို့ ကြံ့ခိုင်ရေးပါတီကနေပြိုင်တယ်။ ပြိုင်ပေမယ့် ဦးတို့က ပြိုင်တဲ့အခါမှာ ကိုယ်စားလှယ်တစ်ယောက်ရဲ့ ကုန်ကျစရိတ်ကို အကုန်လုံးအကုန်ကျခံပေးတာမဟုတ်ဘူး။ နိုင်သလောက်လေးပဲ ထုတ်ပေးတဲ့အခါမှာ ဘာပဲပြောပြော လူတော့ စုဖွဲ့မှုရှိတယ်။ ကျန်တဲ့အားမှာတော့ တစ်ယောက်တည်းကို ပြိုင်ရတာပေါ့။
တစ်ယောက်တည်းဆို အများဆုံးပါတီက ထောက်ပံ့နိုင်တာ သိန်းသုံးဆယ်ပေါ့။ ဦးတို့ကတော့ ကိုယ့်ရဲ့ ပါစင်နယ်နဲ့ ကိုယ့်ရဲ့ ပန်းဖလက်လေးတွေ ရောက်အောင်ဝေနိုင်ဖို့ဆိုတာ ကိုယ့်ပါတီထဲက လူတွေဖြစ်တဲ့အတွက်ကို Volunteer တွေအနေနဲ့ လုပ်ပေးကြတာပေါ့နော်။ အဲ့လိုကွာပါတယ်။
မော်ကွန်း – လိုဂိုအသုံးမပြုသူတွေအတွက် ပါတီကနေ ထောက်ပံ့ပေးတာမျိုးရှိလား။
ဦးခင်မောင်တင့် – လိုဂိုအသုံးမပြုသူတွေအတွက် ပါတီက ထောက်ပံ့ပေးတာ မပေးတာထက် ဟို ဦး အဲ့ဒါတော့ သေချာမသိဘူး။ ဦးတို့ လိုဂိုသုံးတဲ့သူတွေကိုတော့ ထောက်ပံ့ပေးတယ်။
မော်ကွန်း – နောက်တစ်ခု ရှင်းရှင်းလင်းလင်းသိချင်တာက တကယ်လို့များ လိုဂိုအသုံးမပြုသူတွေထဲက အနိုင်ရရင် ပါတီအတွက် တစ်ခုခု သဘောတူညီထားတာမျိုးရှိလား။
ဦးခင်မောင်တင့် – မရှိပါဘူး။ ဦးတို့ကတော့ Free and Fair ဘာမှမရှိပါဘူး။ ပါတီဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လူထုထဲကနေမှ တကယ့်လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့သူတွေ တကယ့်လူကောင်းလူတော်တွေ လူထုကို တကယ်အလုပ်အကျွေးပြုနိုင်မယ့်သူတွေ ခုနကပြောသလိုပေ့ါ ဒါတွေဟာ ပြည်သူကအဆုံးအဖြတ်နဲ့ ပါသွားရင် ဒါဦးတို့ ဒီသဘောထားပါပဲ။
မော်ကွန်း – အဲ့ဒါဆိုရင် သူတို့က ဘာဖြစ်လို့ လိုဂိုကို အသုံးပြုပြီးတော့ မပြိုင်တာလဲ။
ဦးခင်မောင်တင့် – အေးအေး လိုဂိုကို အသုံးမပြုဘူးဆိုတာ ခုနကပြောသလို ကာလလေးက တအားတိုတယ်။ ကော်မရှင်မှာ ကသုတ်ကရက်လုပ်ရတယ်။ လိုဂိုသုံးရင်ကော်မရှင်မှာ တို့အသိတွေက နည်းနည်းလေး ဟို ကော်မရှင်ကပဲ အားနည်းနေသလား တို့အချိန်ကပဲ တိုသလား။ နားလည်မှုတွေပဲ လွဲနေသလား မသိဘူး။ အဲ့ဒီဟာတွေမှာ ကွဲကွဲပြားပြားမသိကြဘူး။ ဦးတို့ တချို့ဆိုရင် ကျွန်တော်တို့ ဒီပါတီက နောက်ခံပြုပြီးပြိုင်ပါမယ်။ နောက်ရက်ကျ ဓါတ်ပုံသွားတင်တယ်။ လိုဂိုမပေးတော့ဘူး။ ဓါတ်ပုံသွားတင်တော့ သူက ပုဂ္ဂလိကဖြစ်သွားတယ်။ တချို့ကျ လိုဂိုနဲ့သူကျတော့ မေးစမ်းတဲ့လူက ချိတ်မိတာပေါ့။ အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ လိုဂိုနဲ့လုပ်တဲ့သူကျတော့ ပိုပြီးအားကောင်းတာပေါ့။