ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိ အဂတိလိုက်စားကြောင်း ရှင်းလင်းပွဲပြုလုပ်သူများကို ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိ အဂတိလိုက်စားကြောင်း ရှင်းလင်းပွဲပြုလုပ်သူများကို ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်

ဟေမာန်ပြည့်  ရေးသည်။

ရန်ကုန် (ဇွန် ၂၊ ၂၀၁၇)

ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိက မြေယာကိစ္စနှင့်ပတ်သက်ပြီးအဂတိလိုက်စားခဲ့ကြောင်း ရှင်းလင်းဖော်ထုတ်ခဲ့သူများကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း တာမွေမြို့နယ်ရဲစခန်းက အတည်ပြုသည်။

ရှင်းလင်းပွဲကို မူလက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း ခွင့်မပြုသည့်အတွက် ယုဇနဟိုတယ်သို့ရွှေ့ပြောင်းခဲ့သည်။ သို့သော် ယုဇနဟိုတယ်ကလည်း ခွင့်ပြုမိန့်ရှိမှသာ ကျင်းပ နိုင်မည်ဟုဆိုသောကြောင့် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိဟစ်တိုင်ကွင်းရှေ့တွင် ပြုလုပ်ခဲ့ရသည်။

ဓာတ်ပုံ -ဟေမာန်ပြည့်/မော်ကွန်းမဂ္ဂဇင်း

ဟစ်တိုင်ရှေ့တွင် ရှင်းလင်းပွဲပြုလုပ်ရန် သက်ဆိုင်ရာခွင့်ပြုချက်မရှိသောကြောင့် ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်ကြောင်း တာဝန်ကျရဲအရာရှိကပြောသည်။

မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်ရှိ မြေ  ကိုးဧကအား ဂရန်အမည်ပေါက် အမြန်ဆုံးရရှိရန် အကြောင်းပြချက်ဖြင့် ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိက ငွေကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း  ဦးမိုက်ကယ်ကျော်မြင့်က ဦးဆောင်ရှင်းလင်းသည်။

“(ဝန်ကြီးချုပ်ရဲ့) PSO ကတောင်းတာပါ။ ဝန်ကြီးချုပ်ရဲ့လုပ်ပိုင်ခွင့်ကို ဂရန်မြန်မြန်ဆန်ဆန်ရအောင် လုပ်ပေးပြီးတော့ ဂရန် ထွက်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တောင်းတာပါ။ ၁၂ သိန်းပေးပြီးပါပြီ” ဟုကိုမိုက်ကယ်ကျော်မြင့်က ပြောကြားခဲ့သည်။

မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်၊ ရှိ မြေဧက ၃၀.၄၄ ဧကအား အိုးအိမ်ဦးစီးဌာနမှ မြို့ပြအိမ်ယာစီမံကိန်း ပြုလုပ်ရန်အတွက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် သိမ်းဆည်းခဲ့ပြီး ယင်းအနက်မှ စီမံကိန်းလွတ်မြေ ကိုးဧက ခန့်အား ပြန်လည်ရယူလိုကြောင်း မူလပိုင်ရှင်များ၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသည့် ဒေါ်ချောကေခိုင်က လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများပြန်လည်စီစစ်ရေးဗဟိုကော်မတီ သို့တင်ပြခဲ့သည်။

တိုင်းမြေယာစစ်ဆေးရေးအဖွဲ့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး ကိုးဧကအနက် ခုနစ်ဧကအား မူလပိုင်ရှင်များမှ တန်ဖိုးသင့်ပြန်လည်ဝယ်ယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုင်းမြေ/စစ်အဖွဲ့၊ မြို့နယ်၊ ခရိုင်၊ စည်ပင် သာယာရေးအဖွဲ့ရှေ့မှောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အမျိုးအစား - ထုတ်ပြန်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."