ဟေမာန်ပြည့် ရေးသည်။
မတ် ၃၀၊ ရန်ကုန်
ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်မှုမြင့်တက် ခဲ့သော ၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာရေးဥပဒေကြမ်းကို ကျပ်သန်းပေါင်းလေးထောင်ကျော် စိစစ်ဖြတ် တောက်ပြီး အတည်ပြုလိုက်သည်။
ထိုဥပဒေကြမ်းတွင် စက်လှေခါးပါဝင်သော လူကူးခုံးကျော်တံတားတစ်စင်းစီအတွက် ကျပ်သန်းပေါင်း ၁၀၀၀ ဖြင့် ခြောက် စင်းတည်ဆောက်ရန် ၊ မြို့တော်ဂေါက်ကွင်း ပြုပြင်ထိန်းသိမ်းရန်နှင့် e-government အတွက် ကွန်ပျူတာများ ဝယ်ယူရန် အဆိုပြုလျာထားခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များမှ ဝေဖန်ခဲ့ပြီး တိုင်းလွှတ်တော်မှ ဘတ်ဂျက်လျာထားမှုကို ပြန်လည်စိစစ်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ လူကူးခုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၅၀၀သို့ လည်းကောင်း၊ စတုဂံ ပုံခုံးကျော် တံတားတစ်စင်းအတွက် ကျပ်သန်း ၁,၇၀၀ မှ သန်း ၁,၀၀၀ အဖြစ်လည်းကောင်း၊ e-government အတွက် ကွန်ပျူတာများ ဝယ်ယူရန် အတွက်ကျပ်သန်း ၁,၀၀၀ မှ သန်း ၆၀၀ သို့လည်းကောင်း၊ မြို့တော်ဂေါက်ကွင်း ပြင်ဆင် ထိန်းသိမ်းစရိတ်အတွက် ကျပ်သန်း ၅၅၀ မှ သန်း ၄၀၀ သို့လည်းကောင်း စုစုပေါင်း ကျပ်သန်း ၄,၂၅၀ ကို စိစစ် လျှော့ချခဲ့ခြင်းဖြစ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မြို့တော်ဂေါက်ကွင်းအတွက် ပြုပြင်ထိန်းသိမ်းစရိတ်ကို စိစစ်ဖြတ်တောက်ကာ ခွင့်ပြုပေးလိုက်ပြီးနောက် ပြုပြင်ဆောင်ရွက်မှုအပေါ် စောင့်ကြည့်သွား မည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖြတ်တောက်လိုက်သည့် ကျပ်သန်းပေါင်း လေးထောင်ကျော်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လမ်း၊ တံတားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဦးစားပေးအလိုက် ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ဆိုသည်။
၂၀၁၇ ခုနှစ်ရန်ကုန်တိုင်းအတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းသည် ရငွေနှင့်သုံးငွေအား ကျပ်သန်းပေါင်း ၄၂၄,၂၈၀ . ၆၆၇ ဖြင့် ဘက်ညီရသုံးခန့်မှန်းခြေငွေစာရင်းအဖြစ်ရေးဆွဲထားခြင်း ဖြစ်သည်။