၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Editorial ဖြစ်ပါသည်။
ဇန်နဝါရီလဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက်္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာလျက်ရှိရာ ယခုအချိန်ထိ စစ်ရပ်စဲမည့် အရိပ်အခြေအနေကို မတွေ့ရသေးသဖြင့် စိုးရိမ်စရာ ကောင်းလာပါသည်။
စစ်ပွဲကာလကြာလာသည်နှင့်အမျှ နှစ်ဘက်တပ်ဖွဲ့ဝင်များသာမက အရပ်သားများပါ ထိခိုက်သေဆုံးမှုများ မြင့်တက်လာသည်။ တိုက်ပွဲဖြစ်ရာဒေသများရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကျန်းမာရေး၊ ပညာရေးတို့မှာလည်း ဆိုးရွားစွာ ထိခိုက်လာနိုင်စရာ ရှိပါသည်။
မကြာသေးခင်က မြောက်ဦးမြို့ပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သကဲ့သို့ အခြားသော မြို့ ရွာများကို အခြေပြု၍ နှစ်ဖက်တပ်များ ထပ်မံတိုက်ခိုက်ကြဦးမည်ဆိုပါက ပြည်သူများ၏ ထိခိုက်နစ်နာနိုင်ခြေမှာ မှန်းမရအောင် ဆိုးရွားသွားစေနိုင်ပါသည်။
စင်စစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရမည့်အချိန်မျိုးတွင် တိုက်ပွဲအသစ်များ၊ စစ်မျက်နှာအသစ်များ ထပ်မံ မပေါ်ပေါက်စေရန် အထူးပင် သတိထားရမည်ဖြစ်ပါသည်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းကဲ့သို့ ပဋိပက္ခ မပြီးငြိမ်းသေးသော နယ်မြေမျိုးတွင် တိုက်ပွဲအသစ်များ ပေါ်ပေါက်လာခြင်းသည် မည်သည့်ဘက်က ကြည့်သည်ဖြစ်စေ ကောင်းသောအရာ မဟုတ်ပေ။
ဆယ်စုနှစ်များစွာ ချွတ်ခြုံကျခဲ့သော နိုင်ငံအား ပြန်လည်တည်ဆောက်ရေးလုပ်နေသည့် အချိန်မျိုးတွင် အစိုးရနှင့် တပ်မတော် တို့ဘက်မှ သဘောထားကြီးပြခြင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးစကားဝိုင်းများ ကမ်းလှမ်းခြင်းတို့ဖြင့် တိုင်းရင်းသားများ၏ ယုံကြည်ကိုးစားမှုကို မပျက်မကွက် ပြန်လည်ရယူသင့်ပါသည်။
ရက္ခိုင့်တပ်မတော်ကို ရခိုင်လူထုက အားပေးထောက်ခံနေကြခြင်းသည် ၎င်းင်းတို့ပြည်နယ်ကို အစိုးရအဆက်ဆက် လျစ်လျူရှု လာခဲ့သဖြင့် လက်နက်ကိုင်မှ ရတော့မည်ဟု မှတ်ယူလာကြသောကြောင့် ယခုကဲ့သို့ အားပေးကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုအချိန်မျိုးတွင် ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်အား အငြင်းပွားဖွယ် ပုဒ်မများတပ်ကာ နှစ်ရှည်ထောင် ဒဏ်ချမှတ်လိုက်ခြင်းသည် ရခိုင်လူထု၏ လောင်မြိုက်နေသော ဒေါသမီးကို လောင်စာထည့်ပေးလိုက်သကဲ့သို့ ဖြစ်စေပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်အနေနှင့် အရေးတကြီး လုပ်ဆောင်သင့်သည့် အရာများထဲတွင် ရခိုင်ခေါင်းဆောင်များနှင့် အမြန်ဆုံး ထိတွေ့ဆက်ဆံခြင်း၊ ၎င်းတို့၏ အကြံဉာဏ်များကို အလေးထားပြခြင်း၊ ရခိုင်လူထုနှင့် တွေ့ဆုံခြင်းတို့ ဆောင်ရွက် ခြင်းဖြင့် ထိရောက်စွာ စည်းရုံးသင့်ပါသည်။
မြန်မာ့တပ်မတော်နှင့် ရက်္ခိုင့်တပ်မတော်တို့အနေနှင့်လည်း စစ်တိုက်ရင်း ငြိမ်းချမ်းရေးဆွေးနွေးကြမည့်အစား နှစ်ဖက်သဘော တူ အပစ်ရပ်၍ စားပွဲဝိုင်း ထိုင်သင့်ပါသည်။ တပ်မတော်ဘက်က နိုင်ငံရေးနည်းဖြင့် အဖြေရှာသည့်လမ်းကို အစစ်အမှန် ရွေးချယ်သင့် သကဲ့သို့ ရက်္ခိုင့်တပ်မတော်အနေနှင့်လည်း စိတ်ရှည်စွာ ညှိနှိုင်းသင့်ပါသည်။
ထိုသို့မဟုတ်ဘဲ အပြုတ်တိုက်ရေးလမ်းကြောင်းကိုသာ ရွေးချယ်ကြမည်ဆိုပါက ပြည်သူတို့ ပိုမိုအထိနာကြဦးမည် ဖြစ်သကဲ့သို့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး အရှိန်သည်လည်း ထိုးရပ်သွားနိုင်စရာ ရှိနေပါသည်။ ထိုသို့ဖြစ်သွားခဲ့လျှင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိရေး ပင်လုံအိပ်မက်သည် အချိန်မရွေး လွင့်စဉ် ပျောက်ကွယ်သွားနိုင်သောကြောင့် စစ်မှန်သော ငြိမ်းချမ်းရေးစကားဝိုင်းများမှတစ်ဆင့် သေနတ်သံများ အမြန်ဆုံးတိတ်စေရန် ဆောင်ရွက်သင့်ပါကြောင်း ကျွနု်ပ်တို့ မော်ကွန်းက တိုက်တွန်းလိုက်ပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့