အာဏာလွှဲပြောင်းယူကတည်းက စိန်ခေါ်မှုများနှင့်ဆက်တိုက်ကြုံတွေ့ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအတွက် ရခိုင်အရေးသည် တအုံနွေးနွေးရတက်မအေးစရာအခြေအနေမှ အထူးတလည် စိုးရိမ်ရတော့မည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။
မြေပြင်တွင် အကြမ်းဖက်အစွန်းရောက်အဖွဲ့၏ တိုက်ခိုက်မှုများက အချိန်မရွေး ဖြစ်လာနိုင်သေးသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ ဖိအားများကလည်း ခဲမိုးရွာသလိုဆက်တိုက်ကျရောက်လာနေရာ တိုင်းပြည်တွင် အရေးတကြီး လုပ်ဆောင်ရမည့် ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများထက် ရခိုင်ပြည်နယ်ပဋိပက္ခကိုပဲ အရေးပေးဆောင်ရွက်နေရသကဲ့သို့ဖြစ်နေပါသည်။
၎င်းတို့ကိုယ်ကိုယ် ရိုဟင်ဂျာဟုခေါ်ဆိုနေကြသည့် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့များကိုသာ ပင်မသတင်းရင်းမြစ်အဖြစ် အဓိကကိုးကားကြသော နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း မြန်မာ့ပုံရိပ်သည် ဆိုးရွားစွာ ညစ်ထေးလာလျက်ရှိပါသည်။
အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က မြန်မာအစိုးရ၏ ဆောင်ရွက်နေမှုများကို အားပေးထောက်ခံကြသော်လည်း အနောက်နိုင်ငံများက ရခိုင်အရေးအား လူမျိုးရှင်းလင်းရေးလုပ်ဆောင်မှု (Ethnic Cleansing) ဖြစ်စဉ်အဖြစ် ဆက်လက်ပုံဖော်နေကြသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းထန်စွာဒဏ်ခတ်အရေးယူရန် လိုအပ်နေပြီဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ယန်ဟီးလီက ကုလသမဂ္ဂဌာနချုပ်တွင် အောက်တိုဘာ ၂၆ ရက်က သတင်းထောက်များကို ပြောဆိုခဲ့သည်။
အမေရိကန်အစိုးရကလည်း လူမျိုးရှင်းလင်းရေးလုပ်ဆောင်သည့်ဖြစ်စဉ်အဖြစ် အချိန်မရွေးသတ်မှတ်ကောင်းသတ်မှတ်လာနိုင်သလို နောက်ဆက်တွဲအပြစ်ပေးအရေးယူမှုများလည်း အချိန်မရွေးလုပ်ဆောင်လာနိုင်သည့်အနေအထားတွင် ရှိနေပါသည်။ ထိုအခြေအနေများက ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခါစ မြန်မာနိုင်ငံအတွက် အပိတ်အဆို့ အဟန့်အတားများ ဖန်တီးနေသကဲ့သို့ဖြစ်နေပါသည်။ မြန်မာအစိုးရနှင့် တပ်မတော်ဘက်က မည်သို့ပင် ရှင်းလင်းတင်ပြမှုများလုပ်ဆောင်နေသည့်တိုင် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့၏ထင်မြင်ယူဆချက်များကို မပြောင်းလဲဘဲ ဆက်လက်ရှုတ်ချဖိအားပေးလျက်ရှိပါသည်။
အချုပ်ကိုဆိုရလျှင် အစိုးရနှင့် တပ်မတော်၏ သတင်းထုတ်ပြန်မှုများ၊ သံတမန်လမ်းကြောင်းမှတစ်ဆင့် ရှင်းလင်းတင်ပြမှုများသည် ထိရောက်သင့်သလောက် မထိရောက်သည့်အပြင် အခြေအနေမှာ ပို၍ပင်ဆိုးရွားလာသည့်သဘော ဖြစ်နေပါသည်။ ကုလ သမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပေးမဝင်သည့်ကိစ္စနှင့် နိုင်ငံတကာသတင်းသမားများကို လွတ်လပ်စွာ သတင်းယူခွင့် မပေးနိုင်သေးသည့် ကိစ္စတို့ကြောင့်လည်း ယုံကြည်မှုကို မတည်ဆောက်နိုင်သေးဘဲဖြစ်နေရသည်။
သို့ဖြစ်ရာ အစိုးရအနေဖြင့် လက်ရှိကျင့်သုံးနေသော လမ်းဟောင်းမှ ဖယ်ခွာပြီး နည်းလမ်းသစ်များဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကိုရယူရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ကျွန်ုပ်တို့အနေနှင့် တိုက်တွန်းလိုပါသည်။ ။
၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ အယ်ဒီတာအာဘော် ဖြစ်ပါသည်။