ရခိုင်အရေး အစိုးရနှင့် တပ်မတော်အတွက် ထွက်ပေါက်

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် (၆၉)မှ အယ်ဒီတာ့အာဘော် ဖြစ်ပါသည်။

အခြေခံဥပဒေပြင်ရေး၊ ကာလုံခေါ်ရေးကိစ္စများ အပါအဝင် အခြားသော နိုင်ငံရေးလွန်ဆွဲမှုများဖြင့် နေပြည်တော် နိုင်ငံရေးရပ်ဝန်းတွင် မုန်တိုင်းထန်နေစဉ် အနောက်ကမ္ဘာခြမ်းရှိ ကုလသမဂ္ဂဌာနချုပ်၌ ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာအပေါ် ဖိအားပေးအရေးယူမည့် ဆူနာမီလှိုင်းလုံးတို့မှာ တရိပ်ရိပ်တက်လာလျက်ရှိပါသည်။
ရခိုင်အရေးကိစ္စအပါအဝင် နိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကိုစုံစမ်းရန် ယမန်နှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (Independent Investigation Mechanism for Myanmar) အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက မကြာသေးခင်ကပင် ရန်ပုံငွေလျာထားပေးလိုက်ပြီဖြစ်ရာ ယင်းအဖွဲ့က လုပ်ငန်းစဉ်များကို အနှေးနှင့် အမြန် အကောင်အထည်ဖော်တော့မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်သို့ မူဆလင်ဒုက္ခသည် ခုနစ်သိန်းကျော် ထွက်ပြေးကြသည့်ဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူဆလင်အချို့ အစုလိုက်အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဉ်များက ‘လူမျိုးတုံးသတ်ဖြတ်မှု’၊ ‘လူမျိုးစုသုတ်သင်ရှင်းလင်းမှု’အဖြစ် အနောက်နိုင်ငံများနှင့် အစ္စလာမ္မစ်နိုင်ငံများက ရှုမြင်ထားကြပြီး ယင်းလုပ်ရပ်များအတွက် မြန်မာတပ်မတော် တာဝန်ရှိသူများနှင့် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူရန် တောင်းဆိုလာသည်မှာ အရှိန်အဟုန်မြင့်တက်လာနေပြီဟုလည်း ဆိုနိုင်ပါသည်။
ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သော အထက်ပါအဖွဲ့သည် အနောက်နိုင်ငံများနှင့် အစ္စလာမ္မစ်နိုင်ငံများဘက်မှ ဘက်လိုက်လိမ့်မည် ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်မှ ကန့်ကွက်နေသည့်ကိစ္စမှာလည်း မည်မျှအတိုင်းအတာအထိ ဆက်လက်ကန့်ကွက်နိုင် မည်နည်းဟူသည်မှာ စဉ်းစားရမည့်ကိစ္စဖြစ်ပါသည်။ မြန်မာကို လက်ရှိအချိန်ထိ အကာအကွယ်ပေးနေသည့် တရုတ်နှင့် ရုရှားနိုင်ငံ တို့က အတိုင်းအတာ မည်မျှအထိ ကာကွယ်ပေးမည်နည်းဟူသော အချက်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။
တစ်ဖက်တွင်လည်း မြန်မာအစိုးရက ရခိုင်ဖြစ်စဉ်ကို မိမိအစီအစဉ်ဖြင့် စုံစမ်းအရေးယူနေသည့်ကိစ္စကို နိုင်ငံတကာက အယုံ အကြည်မရှိဖြစ်နေရာ အများလက်ခံနိုင်မည့်အနေအထားရောက်ရှိရေးဟူသောကိစ္စမှာ အလေးအနက်ထား စဉ်းစားရတော့မည် ဖြစ် သည်။ ဤနေရာတွင် နိုင်ငံတကာဖိအားကို အရပ်သားအစိုးရနှင့် တပ်မတော်တို့က မည်သို့ စနစ်တကျ လျှော့ချနိုင်မည်နည်း ဆို သည်မှာ မှန်းဆရခက်နေသည်။
အစိုးရနှင့် တပ်မတော်တို့အနေနှင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယုံကြည်မှုကိုပင် ရအောင် မယူနိုင်ကြသေး သည့် အနေအထားတွင် နိုင်ငံတကာကိုပတ်၍ စည်းရုံးနိုင်ဖို့ဟူသည်မှာ မှန်းဆ၍ မရနိုင်ပါ။ တပ်မတော်အစိုးရ၏ ဖိနှိပ်မှု၊ ရက်စက်မှု တို့ကို ဆယ်စုနှစ်များစွာ ခံစားလာခဲ့ရသော တိုင်းရင်းသားများအနေနှင့်လည်း ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာက စုံစမ်းအရေး ယူလာသည့်အခါ အစိုးရနှင့် တပ်မတော်တို့ဘက်မှ ရပ်တည်ကာကွယ်ပေးချင်မှ ပေးကြပါလိမ့်မည်။
သို့ဖြစ်ရာ ရခိုင်အရေးနှင့်ပတ်သက်လျှင် အစိုးရနှင့် တပ်မတော်တို့်အတွက် ပြည်တွင်းပြည်ပ အားကိုးစရာအင်အားစုဟူ၍ များများစားစားမရှိတော့သလို လှည့်ပတ်ရှောင်ရှားနိုင်မည့် ခွင်သည်လည်း ကျဉ်းသထက်ကျဉ်းလာမည့် သဘောဖြစ်နေသည်။ ကျွနု်ပ်တို့အနေနှင့် အစိုးရနှင့် တပ်မတော်တို့ကို တိုက်တွန်းလိုသည်မှာ နိုင်ငံတကာမှ တတ်သိနားလည်သူများ၊ ဂုဏ်သိက္ခာရှိသည့် ပညာရှင်များ၏ အကြံဉာဏ်များ ရယူကာ ချောင်ပိတ်အရိုက်ခံရမည့်အခြေအနေမှ အမြန်ဆုံးရုန်းထွက်ကြဖို့ဖြစ်သည်။ ဤနေရာတွင် ဝန်ခံသင့်သည့်ကိစ္စများကို ပွင့်လင်းစွာဝန်ခံခြင်း၊ အပြစ်ရှိသူများကို ထိရောက်စွာ အရေးယူပြခြင်းတို့ဖြင့် နိုင်ငံတကာ၏ ယုံကြည်မှုကို ရယူရန်လည်း အထူးလိုအပ်လိမ့်မည်ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

မော်ကွန်းအယ်ဒီတာအဖွဲ့


#mawkun #magazine #chronicle #editorial #no.69


 

အမျိုးအစား - အယ်ဒီတာ့အာဘော်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."