အောင်ပိုင်
ရန်ကုန် – ၂၀၂၀ မတ် ၃ (မော်ကွန်း)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းအပေါ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ယနေ့ဆွေးနွေးသည့်စကားရပ်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်နှင့် NLD ပါတီကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ပြီး လွှတ်တော်နာယက က ဥပဒေနဲ့ညီ၊ မညီ စိစစ်ပေးမည်ဟု ပြောသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့တွင် ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက တပ်မတော် သားကိုယ်စားလှယ်များမထောက်ခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင်ဟုလည်းကောင်း၊ လက်ရှိ အခြေခံဥပဒေပြင်ဆင်ချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြင်ဆင်ချက်များသာဖြစ်ပြီး တိုင်းရင်းသားများ၏အဆိုပြုချက်များမပါဝင်ကြောင်း သူ၏ဆွေးနွေးမှုအပြီးတွင် တပ်မတော်သားကိုယ်စားလှယ်နှင့် NLD ကိုယ်စားလှယ်တို့က ကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က “ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပြင်ချင်ပေမယ့် လည်း ကျန်တဲ့အဖွဲ့တွေ ပြင်ချင်မှပြင်လို့ရတာဖြစ်ပါတယ်။ ဒါကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ နားလည် ထားပြီးဖြစ်မယ် ထင်ပါတယ်။ အဲဒီစကားရပ်ဟာ တစ်စုတစ်ဖွဲ့ပေါ်မှာ ထင်မြင်လွဲမှားစေပြီးတော့မှ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည် မှု၊ ချစ်ခင်လေးစားမှုကို ထိခိုက်စေတာဖြစ်တဲ့အတွက်ကြောင့် ဒီစာသားကို ဖျက်ပေးပါရန်တင်ပြအပ်ပါတယ်” ဟု လွှတ်တော်နာယကကို တင်ပြခဲ့သည်။
ထို့အပြင် ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတွင် ပါရှိသည့် အချက်များ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တင်ပြချက်သာဖြစ်သောကြောင့် တိုင်းရင်းသားပါတီနှင့် တိုင်းရင်းသား တွေကို အလေးမထားခြင်းလား၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ချင်သည်ဟုတ်ပါရဲ့လား ဆိုသည့် စကားရပ်ကို လည်း NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်အစည်းအဝေးမှတ်တမ်းပယ်ဖျက်ပေးပါရန် နာယကထံ တင်ပြခဲ့သည်။
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)၊ ပုဒ်မ-၄၃၆တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပြီးလက်ရှိကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် အရပ်သားကိုယ်စားလှယ်ဦးရေသည် ၇၅ ရာခိုင်နှုန်းပင် မပြည့်ပေ။
Photo – Pyidaungsu Hltutaw
#Dailynews