ဂေထော
ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း)
ရခိုင်ပြည်နယ်မှရန်ကုန်တိုင်းသို့ ဩဂုတ် ၁၀ ရက်နောက်ပိုင်း လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသူများကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မပူးပေါင်းပါက သဘာဝဘေးစီမံမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ယင်းဌာန၏ COVID-19 ရောဂါ သတင်းပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ က မော်ကွန်းသို့ ပြောသည်။
ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်အထိ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅,၄၀၉ ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖုန်းဖြင့်ခေါ်ဆိုမှုပေါင်း အကြိမ်ရေခြောက်ထောင် ကျော်ရှိခဲ့သော်လည်း ၂,၅၄၇ ဦးသည် ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်းများ တွေ့ရကြောင်း အစိုးရက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ပြောကြားထားပြီးပြီ။မဖြစ်မနေဆိုရင်တော့ ကျွန်တော်တို့က အရေးယူရမှာပေါ့နော်။တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ပေးပါလို့ ပန်ကြားလိုပါတယ်”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ရခိုင်ပြည်နယ်မှရန်ကုန်တိုင်းဒေသကြီးသို့ ဩဂုတ် ၁၀ ရက်နောက်ပိုင်း ကားဖြင့်ဝင်ရောက်လာသူများကို ရောဂါပြန့်နှံ့မှုမဖြစ်စေရေး အစိုးရနှင့်ပူးပေါင်းပါဝင်ရန် ဆောင်ရွက်ထားရှိခြင်းမရှိကြောင်း သူကဆိုသည်။
လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာသူများသည် မိသားစုနှင့်ဆက်စပ်လျက်ရှိသော အိမ်နီးချင်းများ၊ သူငယ်ချင်းမိတ်ဆွေများထံသို့ အဆင့်ဆင့် ဆက်လက်ကူးစက်စေနိုင်သည့်အတွက် ခရီးသွားခဲ့သူများအနေဖြင့် ပြန်လည်ရောက်ရှိနေထိုင်ရာ ဒေသအတွင်း တွင် ရောဂါစတင်ဖြစ်ပွားကူးစက်စေသူအဖြစ်ရောက်ရှိကာ တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူ ခြင်းခံရနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထုတ်ပြန်ကြေညာထားသော အမိန့်ညွှန်ကြားချက်များ မလိုက်နာခြင်း/ချိုးဖောက်ခြင်း၊ သတင်းထိန်ချန်မှုပြုလုပ်ခြင်းများကို တွေ့ရှိရပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေးနှိုးဆော်ထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ COVID-19 ရောဂါအတည်ပြုလူနာ ၁,၀၅၈ ဦး၊ရောဂါပိုးကင်းစင်သူ ၃၅၉ ဦးနှင့် သေဆုံးသူ ခြောက်ဦးရှိသည်။
Photo – မော်ကွန်း။
ပုံစာ – မေလအတွင်းက ဖိလစ်ပိုင်နိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ပြန်ဝင်လာသော မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။
#Dailynews