ရန်ကုန်၊ ၂၀၂၄ ဩဂုတ် ၇ (မော်ကွန်း)
ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြန့်ကျက်လှုပ်ရှားနေတာကြောင့် အာရက္ခတပ်တော် (AA)က အဲဒီလက်နက်ကိုင်တွေကို စစ်ကောင်စီနည်းတူ ချေမှုန်းသွားမယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်က မောင်တောမြို့မှာ ရိုဟင်ဂျာ ရာနဲ့ချီသေဆုံးအောင် AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားတက်ကြွသူတွေက X လူမှုကွန်ရက် (Twitter) ပေါ်မှာ ဖြန့်ဝေဖော်ပြလာတဲ့အချိန်မှာ AA ဘက်ကလည်း “ဘူးသီးတောင်၊ မောင်တောဒေသရဲ့ မြေပြင်ပကတိအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာချက်” ကို ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
မောင်တောမြို့နယ်မှာ ယခုလ ၅ ရက်က နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို AA က လက်နက်ကြီးအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လူ ၂၀၀ ခန့် သေဆုံးသွားတယ်လို့ ဖော်ပြနေကြတာပါ။
အာရက္ခတပ်တော် (AA) ရဲ့ထုတ်ပြန်ချက်မှာတော့ အဲဒီဖြစ်စဉ်ကို ထည့်သွင်းဖော်ပြထားခြင်းတော့ မရှိခဲ့ဘဲ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြန်လည်ရှင်းလင်းထားတာပါ။
လက်ရှိမှာ RSO ၊ ARSA ၊ ARA စတဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီက သင်တန်းပေးထားတဲ့ လက်နက်ကိုင်တွေအပြင် အစွန်းရောက်လက်နက်ကိုင်အုပ်စုငယ်တချို့နဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဘူးသီးတောင်၊ မောင်တောမြို့တွေနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက်မှာ ဖြန့်ကျက်လှုပ်ရှားနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။
အဲဒီလက်နက်ကိုင်တွေဟာ အရင်ကတော့ စစ်ကောင်စီတပ်စခန်းအနီးတွေမှာ လှုပ်ရှားနေရာကနေ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးတွဲနေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် သူတို့ဟာ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ စစ်ကောင်စီအလိုကျ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ဖြန့်ဝေတာတွေ၊ AA တပ်ဖွဲ့ဝင်တွေနဲ့ AA ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်က ဝန်ထမ်းတွေကိုလုပ်ကြံသတ်ဖြတ်တာတွေ၊ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီလက်နက်ကိုင်တွေက ဒေသခံတွေဆီက လုယက်တာတွေ၊ ဓားပြတိုက်တာတွေ ပြန်ပေးဆွဲငွေညှစ်တာတွေကို လုပ်ဆောင်နေကြပြီး စစ်ကောင်စီကလည်း အဲဒီလက်နက်ကိုင်တွေကို တိုက်ပွဲတွေမှာ အသုံးပြုတဲ့အပြင် လူသစ်တွေကိုလည်းအင်အားဖြည့်ကာ သင်တန်းပေးစုဆောင်းနေတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေကြောင့် ဒေသတွင်းမှာ ငြိမ်းချမ်းစွာနဲ့ အတူယှဉ်တွဲနေထိုင်လိုတဲ့ တိုင်းရင်းသားတွေ လူနည်းစုအုပ်စုတွေ ခြိမ်းခြောက်ခံနေရတာကြောင့် အာရက္ခတပ်တော် (AA) အနေနဲ့ ဒေသတွင်း ထိရောက်တဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။
နိုင်ငံတကာက ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ရိုဟင်ဂျာတွေကို AA တပ်ဖွဲ့က ဖိအားပေးနှင်ထုတ်တာတွေ၊ ဖမ်းဆီးတာတွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒီနှစ်ဇွန်လပိုင်းမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီကာလတုန်းကလည်း အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အဲဒီစွပ်စွဲချက်တွေဟာ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေပြီး တဖက်သတ်စွပ်စွဲချက်တွေသာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြီးရှင်းလင်းပြောခဲ့တာပါ။
AA ဟာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ထားတာဖြစ်ပြီး ဘူးသီးတောင်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် မောင်တောမြို့မှာတော့ အမှတ် (၅) နယ်ခြားစောင့်စခန်းနဲ့ မောင်တောမြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေဟာ ဆက်လက်တပ်စွဲထားသေးတာပါ။
ပုံစာ – မောင်တောက နယ်ခြားစောင့်စခန်းတစ်ခုကို သိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – AA Info Desk

