ရန်ကုန် – ၂၀၂၅ မတ် ၂၅ (မော်ကွန်း)
ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက်ကို နေရပ်ပြန်မယ့် စစ်ဘေးရှောင် ၅၀ ဦးထက်မနည်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
“သူတို့ပြန်ခွင့်မပေးထားဘူး။ ကိုယ့်အစီစဉ်နဲ့ကိုယ် ခိုးပြန်တဲ့အဖွဲ့တွေ ဖမ်းထားတယ်။ ရေကြည်ရဲစခန်းထဲမှာ ဒီရက်ပိုင်းဖမ်းထားတာ လေးငါးဆယ်လောက်ရှိတယ်” လို့ ရခိုင်ပြည်နယ်တောင်ကိုင်းကနေ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။
သံတွဲနဲ့ ဂွမြို့နယ်တွေက စစ်ဘေးရှောင်အများစုဟာ ဧရာဝတီတိုင်းက လေးမျက်နှာ၊ ရေကြည်နဲ့ ပုသိမ်မြို့တွေအပြင် ရန်ကုန်မြို့ထိ စစ်ဘေးရှောင်လာကြသူတွေလည်းရှိနေတာပါ။
လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ တခြားနေရပ်မှာ စားဝတ်နေရေး အဆင်မပြေတာ၊ အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် နေရပ်ပြန်လိုသူတွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
လက်ရှိမှာ ဂွနဲ့ သံတွဲ မြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး AA ရဲ့ ဒေသအုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေတာပါ။
ဂွစစ်ဘေးရှောင်တစ်ဦးကတော့ “ဧရာဝတီတိုင်းထဲမှာနေတော့ အိမ်ငှားခရှိတယ်ဗျာ၊ စားဖို့သောက်ဖို့ရှိတယ်။ အလုပ်ကလည်းမရှိဆိုတော့ နေရပ်ပြန်ချင်တဲ့သူတွေရှိတယ်။ ဟိုမှာ အလုပ်တွေနဲ့ ကိုယ့်အိမ်တွေပြန်ကြည့်ချင်တဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရခိုင်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းအစပ်တွေဖြစ်တဲ့ ရေကြည်၊ လေးမျက်နှာနဲ့ သာပေါင်း မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွ-ငသိုင်းချောင်းလမ်းပိုင်းကိုလည်း သွားလာခွင့်ပိတ်ထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာလကနေ စတင်ခဲ့တဲ့ တစ်ကျော့ပြန်စစ်ပွဲမှာ ရခိုင်မြောက်ပိုင်းကမြို့တွေအပြင် တောင်ပိုင်းက သံတွဲနဲ့ ငပလီကမ်းခြေဒေသတွေကိုပါ သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာပါ။
ပုံစာ – ဂွမြို့နယ်က စစ်ဘေးရှောင်တချို့
ဓါတ်ပုံ – LPA

