ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၃ (မော်ကွန်း)
အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ ဂွမြို့ရဲ့ တောင်ပိုင်းက ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ကျေးရွာတွေမှာ ဒီနေ့နဲ့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဧရာတီတိုင်းရဲ့ အစပ်မှာရှိတဲ့ ဂွရဲ့ တစ်ဖက်ကမ်း ကျောက်ချွန်ကမ်းခြေအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီဟာ ဂွမြို့ကိုပြန်လည်ရရေးအတွက် စစ်ကူတွေကို ဧရာဝတီတိုင်း သာပေါင်း-မကျီးဇင်-ဂွ လမ်းပိုင်းကနေပို့လွှတ်နေပြီး ဧရာဝတီတိုင်းအစပ်ထိ တပ်ဖြန့်လာတဲ့ AA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နယ်မြေအခြေအနေကိုသိတဲ့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
“ဂွတံတားက အခုထိသုံးလို့ရသေးတဲ့ အနေအထားရှိတယ်။ AA ကလည်း အဲဒီတံတားကိုသုံးပြီး ဒီဘက် ချမ်းသာ၊ ကျောက်ချွန်တို့လို ကမ်းခြေရွာတွေနားထိ တပ်ဖြန့်ထားတာပေါ့။ စစ်ကောင်စီကလည်း စစ်ကူတွေ ပို့နေတယ်။ မြို့သိမ်းပြီးသွားပေမယ့် တိုက်ပွဲတွေတော့ ဆက်ဖြစ်နေသေးတာပေါ့” ၎င်းဒေသခံက ပြောပါတယ်။
AA ရဲ့ ထိုးစစ်ကြောင့် မြို့ကိုလက်လွှတ်လိုက်ရတဲ့ ဂွမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂွမြို့ တစ်ဖက်ကမ်းက ချမ်းသာ၊ ကျောက်ချွန် စတဲ့ကမ်းခြေတစ်လျှောက်ကျေးရွာတွေကနေ ဧရာဝတီတိုင်းအတွင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ဆုတ်ခွာသွားခဲ့ရပါတယ်။
AA တပ်တွေကလည်း ဒီလမ်းကြောင်းအတိုင်း ဧရာဝတီတိုင်းအစပ်နားထိ ထိုးဖောက်ဝင်လာပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လာတာလို့ ဒေသခံတချို့က ပြောပါတယ်။
“ဂွတောင်ပိုင်းရွာတွေမှာ စစ်ကောင်စီဘက်ကလည်း ဂွမကျခင်ထဲက ခံစစ်ဆင်ပြီး နေရာယူထားတာတွေရှိတယ်။ စစ်ကူတွေလည်း အဲ့ဒီဘက်ကိုပို့နေတာကြားတယ်။ ဧရာဝတီဝင်ပေါက်ပေါ့ ဒီနယ်စပ်တစ်လျှောက် တိုက်ပွဲတွေဆက်ဖြစ်လာတာပေါ့” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် AA တပ်တွေဟာ ဂွမြို့ရဲ့ အနောက်ဘက် ရခိုင်ရိုးမတောင်ပိုင်းကို ဖြတ်ကျော်ထားတဲ့ ဂွ-ငသိုင်းချောင်း ကားလမ်းပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုတွေရှိလာပြီး ဒီဒေသတွေမှာလည်း တိုက်ပွဲဖြစ်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း အစပ် ဂွ-ငသိုင်းချောင်းလမ်းပေါ်၊ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲမှာတည်ရှိပြီး စစ်ကောင်စီရဲ့ အင်အားအများအပြားချထားတဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကိုလည်း ဒီလ ၂ ရက်နေ့မှာ AA တပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းတချို့မှာလည်း ဖော်ပြထားပါတယ်။
ဒီစစ်ဆေးရေးဂိတ်ကျသွားရင် ဧရာဝတီတိုင်းအတွင်းက နယ်တွေကိုပါ AA တပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စစ်ကောင်စီအနေနဲ့ စိုးရိမ်မှုရှိတာကြောင့် ဒီဂိတ်မကျဖို့ အပြင်းအထန် အင်အားတိုးချဲ့ပြီး ခုခံနေတယ်လို့လည်း စစ်ရေးလေ့လာသူတချို့က သုံးသပ်ထားပါတယ်။
AA ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဂွမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဧရာဝတီတိုင်းအစပ်ထိ တိုက်ပွဲတွေ ပျံ့နှံ့လာတာပါ။
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာလမှာ စတင်ပြီး ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်းမှာ ရခိုင်ပြည်နယ်က တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းအပါအဝင် မြို့ပေါင်း ၁၄ မြို့ထိ သိမ်းယူနိုင်ခဲ့ပြီး မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေ မြို့တွေကိုပဲ စစ်ကောင်စီက ထိန်းထားနိုင်သေးတာပါ။
မြို့ပေါင်း ၁၄ မြို့ထိ သိမ်းပိုက်ထားပြီးနောက်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အသင့်ရှိတယ်လို့လည်း AA က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါသေးတယ်။
ပုံစာ – ဂွမြို့ကိုသိမ်းထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

