ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၈ (မော်ကွန်း)
တိုက်ပွဲသတင်းတွေကြောင့် ရခိုင်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းအစပ်တွေကနေ စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေကို လမ်းမှာ ခရီးသွားထောက်ခံစာအတွက် ငွေကြေးသောင်းဂဏန်းပေးနေရပြီး လမ်းခရီးမှာလည်း အစစ်အဆေးတင်းကြပ်နေတယ်လို့ ကိုယ်တိုင်ကြုံလာတဲ့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ရဲ့ တစ်ဖက်ကမ်း မကျီးဇင်၊ ဘောမိ စတဲ့ကမ်းခြေတစ်လျှောက်ကျေးရွာတွေက ဒေသခံတွေနဲ့ ချောင်းသာကမ်းခြေအနီးကျေးရွာတွေက ဒေသခံတွေဟာ ပုသိမ်နဲ့ ရန်ကုန်မြို့တွေကို ဒီရက်ပိုင်းမှာ အသီးသီးတိမ်းရှောင်လာကြတာပါ။
အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ရွှေသောင်ယံကမ်းခြေအစပ်နားထိရောက်ရှိလာပြီးနောက်မှာ ချောင်းသာကမ်းခြေမှာ ခရီးသွားတွေလည်း ဝင်ရောက်တာမရှိတော့ပါဘူး။
ချောင်းသာကမ်းခြေနဲ့ နှစ်နာရီခရီးသာရှိတဲ့ ရွှေသောင်ယံမြို့က ဘောမိကမ်းခြေရွာအနီးမှာ စစ်ကောင်စီတပ်နဲ AA တို့အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကမ်းခြေကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တွေ၊ ဟိုတယ်ဘွတ်ကင်တွေ အားလုံးဖျက်သိမ်းခဲ့ကြပြီး ဟိုတယ်တွေလည်းပိတ်ထားရကာ ဟိုတယ်ဝန်ထမ်းတွေ၊ ဒေသခံတွေလည်း စစ်ဘေးရှောင်လာကြရတာပါ။
မကျီးဇင်၊ ဘောမိ စတဲ့ဒေသတွေက စစ်ဘေးရှောင်တွေဟာ ချောင်းသာမြို့နယ်က ရပ်ကွက်ရုံးတွေမှာ ခရီးသွားထောက်ခံစာ ပြုလုပ်ရပြီး လမ်းခရီးမှာလည်း ဒီထောက်ခံစာတွေ မပြနိုင်ဘူးဆိုရင် ဖြတ်သန်းခွင့်မပေးတာ၊ အချိန်ကြာမြင့်စွာ စစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေရှိတယ်လို့ ရွှေသောင်ယံကမ်းခြေဒေသခံက ပြောပါတယ်။
“ဒီထောက်ခံစာကလည်း အနည်းဆုံး တစ်သောင်း၊ နှစ်သောင်း ပေးရတယ်။ ချောင်းသာက ရပ်ကွက်ရုံးတွေမှာ ဒီဟာဈေးကွက်တစ်ခုဖြစ်နေတယ်။ ဒီထောက်ခံစာပါရင်တော့ ကိုယ်ရောက်နေတဲ့မြို့မှာဝင်ပြီး ဧည့်စာရင်းတိုင်ပြီးနေရင် တစ်ပတ်နေလို့ရတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ ချောင်းသာကနေ ပုသိမ်ဘက်ကို ဆင်းလာတဲ့ကားတွေလည်း သိသိသာသာများပြားနေပြီး ဒီစစ်ဘေးရှောင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပေးနေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
“တချို့ဆိုရင် ပြောင်းလာတဲ့ရပ်ကွက်ရုံးကို ဖုန်းဆက်လိုက်တယ်။ ထောက်ခံစာမယူလာဘူးဆိုရင် ဒဏ်ငွေဆိုပြီး သုံးလေးသောင်းတောင်းတယ်။ ကားတွေလည်း တော်တော်စစ်တယ်။ အကုန်ဆင်းပြီးတော့ အစစ်ဆေးခံရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး သိမ်းထားနိုင်ပြီးဖြစ်တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ဒီနှစ်စပိုင်းကစပြီး ရခိုင်ရိုးမကိုကျော်လွန်ကာ ရခိုင်နဲ့-မကွေးတိုင်းအစပ်၊ ပဲခူးတိုင်းအစပ်နဲ့ဧရာဝတီတိုင်းအစပ်တွေထိ ထိုးစစ်ဆင်လာပြီး တိုက်ပွဲပြင်းထန်နေတာပါ။
ပုံစာ – ဧရာဝတီတိုင်းအစပ်ထိ ထိုးဖောက်ဝင်လာတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

