ရန်ကုန်၊ ၂၀၂၃ မေ၂၃ (မော်ကွန်း)
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် နေအိမ်တွေအပြင် စာသင်ကျောင်းတွေပါပျက်စီးခဲ့ပေမယ့် အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန် ၁ ရက်မှာ မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
စာသင်ကျောင်းမှာသင်လို့မရပါက နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ယာယီဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တွေမြို့နယ်က အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကပြောပါတယ်။
“အခုစပြီး ကျောင်းအပ်လက်ခံနေပြီ။ ကျောင်းတွေ ပျက်စီးတာတွေကိုလည်း ဦးစားပေးပြင်ဆင်နေတာတွေတော့ရှိတယ်” လို့ သူကပြောပါတယ်။
တစ်နိုင်ငံလုံးက တက္ကသိုလ်၊ ဒီကရီကောလိပ်တွေနဲ့ အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန် ၁ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ဒီနေ့ မေ ၂၃ ရက်မှာ စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းအများအပြားဟာ အမိုးအကာတွေပျက်စီးခဲ့ပြီး အချို့စာသင်ကျောင်းတွေဟာ လုံးဝပျက်စီးသွားတဲ့ အခြေအနေတွေရှိတာကြောင့် ဇွန် ၁ ရက်မှာ စာသင်ကျောင်းတွေကို အလောတကြီးပြန်မဖွင့်သင့်သေးဘူးလို့ရခိုင်ပြည်နယ်အတွင်း ပညာရေးနဲ့ပတ်သက်လို့ဆောင်ရွက်နေတဲ့ ရခိုင့်အားမာန် လူထုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စန်းက ပြောပါတယ်။
“ကလေးတွေကိုစာသင်တဲ့အခါမှာ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးသင့်တာပေါ့၊ အဲ့ဒီအချိန်ပြီးမှ ကလေးတွေကိုကျောင်းကိုခေါ်သင့်တာပေါ့လေ။ အခုဘာကြောင့် အဲ့ဒီလိုမျိုး ဇွန်လ ၁ ရက်နေ့ကို အလောတကြီးဖွင့်ရလဲဆိုတာ မေးခွန်းထုတ်စရာတော့ကောင်းတယ်” လို့ သူက ပြောပါတယ်။
ဇွန် ၁ ရက်မှာ ကျောင်းပြန်တက်ဖို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ အခက်အခဲရှိနိုင်ပြီး ကျောင်းဖွင့်ရက်ကို တစ်လခန့် နောက်ဆုတ်ပေးစေလိုတယ်လို့ မြောက်ဦးမြို့နယ်က ဒေသခံတစ်ဦးဖြစ်သူ ဦးစောဖြူကပြောပါတယ်။
“ကျောင်းတွေလာအပ်ဖို့ကို အခုကတည်းကပြောနေတယ်။ ကျောင်းသားမိဘတွေမှာ ကျောင်းအပ်ဖို့နေနေသာ နေစရာတောင်မရှိတဲ့အခြေအနေဖြစ်နေတယ်။ အချို့မိဘတွေအတွက် စာအုပ်ဖိုး၊ ဘာညာက အခက်အခဲတွေရှိတယ်။ ကျောင်းတွေ အားလုံးအသင့်ဖြစ်လောက်ပြီဆိုမှ ပြန်ဖွင့်စေချင်တယ်” လို့ ဦးစောဖြူကပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့ နယ်မှ စာသင်ကျောင်းပေါင်း ၁,၃၅၂ လုံးပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက မေ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပုံစာ – ပုဏ္ဏားကျွန်းမြို့နယ်က ပျက်စီးသွားတဲ့ မူလတန်းကျောင်း
Photo – Supplied
#Dailynews

