ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၈ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်စစ်ပွဲ သီတင်းပတ်နှစ်ပတ်ကျော် ကြာမြင့်လာချိန်မှာတော့ ဒေသတွင်းက စစ်ဘေးရှောင်စခန်းတွေ စားနပ်ရိက္ခာပြတ်လပ်လာနေပြီလို့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၁၃ ရက်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီက ဒေသတွင်းဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ပါတယ်။
ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝ အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေအကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာတာပါ။
ရခိုင်ပြည်နယ်အတွင်း ကာလရှည်ဖြစ်ပွားနေတဲ့ စစ်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အလွတ်သဘောနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြပြီး တစ်နှစ်နီးပါးကြာ အပစ်ရပ်ပြီးမှ အခုလိုတိုက်ပွဲတွေ ပြန်လည်ဖြစ်လာတာပါ။
တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ရှစ်သောင်းခန့်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်တစ်ထောင်ကျော်ရှိတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းကတော့ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ မရောက်လာတာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး စခန်းမှာ ရိက္ခာပြတ်လပ်လာပြီလို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောပါတယ်။
“ပုံမှန်ရောက်နေကျ NGO တွေမရှိဘူး။ လှူမယ့်သူလည်းမရှိဘူးဆိုတော့ တော်တော်ခက်ခဲပါတယ်။ အရင်က ICRC တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေထောက်ပံ့တာရှိတယ်။ လူကယ်ပြန် ဌာနက လစဉ်ထောက်ပံ့တာရှိတယ်။ အခု ဒါတွေ တစ်ခုမှမရတော့ဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာလည်း ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် စစ်ဘေးရှောင်စခန်းမှာ လက်ကျန်ရိက္ခာနဲ့ ဖြစ်သလို စားသောက်နေကြရတယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) အပါအဝင် ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေ ယခင်က ပုံမှန်ရှိခဲ့ပေမယ့် ယခုတကျော့ပြန်စစ်ပွဲကာလမှာ အဲ့ဒီ အလှူရှင်တွေ တစ်ဦးမှ ရောက်မလာသေးဘူးလို့ ကျောက်တော်မြို့နယ်က တောင်မင်းကုလား စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မိုခါမုန်တိုင်းနောက်မှာ အလှူရှင်တွေ တော်တော်ဝင်လာသေးလို့ တော်သေးတယ်။ WFP က ပုံမှန်ထောက်ပံ့ကြေး တစ်ဦးကို လစဉ် သုံးသောင်းဆိုပြီးပေးတာရှိတယ်။ အခုကတော့ WFP လည်း မရတာ တစ်လလောက်ရှိပြီ။ ICRC လည်းမရောက်တော့ဘူး။ ပြည်တွင်းကအလှူရှင်တွေလည်း မရှိတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
တကျော့ပြန်ဖြစ်ပွားလာတဲ့ စစ်ပွဲမှာတော့ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော မြို့နယ်တွေမှာ ဒေသခံ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) ကတော့ ရခိုင်ဒေသကို စစ်ဘေးရှောင်အသစ်တွေ ထပ်တိုးလာနေတဲ့အတွက် ကူညီထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားတယ်လို့ ယခုလ ၁၆ ရက်က သတင်းထုတ်ပြန်ထားပါသေးတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေက အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့တဲ့ ရှမ်းမြောက်စစ်ဆင်ရေး တစ်လကျော်ကာလအတွင်းမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေအပါအဝင် ဒေသတွင်း စစ်ဘေးရှောင်အရေအတွက် သုံးသိန်းခွဲထိ တိုးလာတယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။

