မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့တိုက်ပွဲဖြစ်နေသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် အစိုးရက ဇွန် ၂၁ ရက်ကစပြီး အင်တာနက်ကွန်ရက်ကို ယာယီဖြတ်တောက်လိုက်ရာ ယင်းလုပ်ရပ်သည် လက်ရှိအစိုးရသက်တမ်းအတွင်း ပထမဆုံးအကြိမ် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
အင်တာနက်ဖြတ်တောက်ခဲ့သည့် မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ဖြစ်သည်။ အဆိုပါမြို့နယ်များတွင် ဆက်သွယ် ရေးအော်ပရေတာ လေးခုရှိပြီး ၎င်းတို့၏ အင်တာနက်ကွန်ရက်ကို အစိုးရက ဆက်သွယ်ရေးပုဒ်မ ၇၇ ကိုသုံးကာ ဖြတ်တောက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပုဒ်မအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ‘အများပြည်သူ အကိုျးအတွက် ဆောင်ရွက်ရန် အခြေ အနေ ပေါ်ပေါက်သည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို ရရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ယာယီ ထိန်းခုျပ် သုံးစွဲရေး တို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်’ဟု ဖော်ပြထားသည်။
ဒစ်ဂျစ်တယ်အခွင့်အရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများက ထိုလုပ်ရပ်သည် ပြည်သူများ၏ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ကာ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီရယူ ပိုင်ခွင့်ကို ထိခိုက်စေသည်ဟု ဇွန် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် စစ်ဘေးရှောင်များကို အကူ အညီပေးရာတွင်လည်း နှောင့်နှေးစေနိုင်သည်ဟု ပါရှိသည်။
အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းမှာ တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော ပကတိဖြစ်ရပ်မှန် များကို သတင်းအမှောင်ချရန်နှင့် ၎င်းတို့ကျူးလွန်မည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုတင် ပြုလုပ် ထားခြင်းဖြစ်သည်ဟု AA က ထုတ်ပြန်သည်။
တပ်မတော်ကမူ အင်တာနက်လိုင်း ဖြတ်တောက်မှုသည် ၎င်းတို့ ဆောင်ရွက်ခိုင်းခြင်း မဟုတ်ကြောင်းနှင့် သတင်း အမှောင်ချ ထားခြင်း ဆိုသည်မှာ စွပ်စွဲမှုသာဖြစ်သည်ဟု မီဒီယာများတွင် ငြင်းဆိုထားသည်။
ထိုသို့ အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် ငွေလွဲှဝန်ဆောင်မှု လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများအပြင် အင်တာနက် အသုံးပြုရသည့် လုပ်ငန်းများ ထိခိုက်နှောင့်နှေးနေရသည်ဟု ရခိုင် အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။ ထို့ပြင် စစ်ဘေးရှောင် များကို ကူညီထောက်ပံ့ပေးသည့် ကိစ္စများတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။