ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၁ (မော်ကွန်း)
အောက်တိုဘာလပိုင်းမှာတော့ တစ်ကျပ်သားကို ၃၅ သိန်းဝန်းကျင်မှာ ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ယခုလဆန်းပိုင်းကစတင်လှုပ်ခတ်လာပြီး အခုရက်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၃၈ သိန်းဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာလည်း မြင့်တက်နေသလို ပြည်တွင်းမှာ နယ်စပ်ကုန်သွယ်လမ်းကြောင်းတွေ ပိတ်ဆို့နေတာအပြင် ဘဏ်တွေရဲ့လှုပ်ခတ်နေတဲ့ သတင်းတွေကြောင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်တွေမြင့်တက်ခဲ့ပြီး ရွှေဈေးလည်းပြန်လည်မြင့်တက်ခဲ့တာလို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ ဈေးဖွင့်လှစ်မှုအရ ၁၆ ပဲရည် တစ်ကျပ်သားကို ၃၇ သိန်း ၉ သောင်းဝန်းကျင်ထိ ရောက်ရှိနေတာဖြစ်ပြီး ရွှေဈေးဟာ တစ်ပတ်အတွင်းမှာပဲ တစ်ကျပ်သားကို သုံးသိန်းနီးပါးထိ မြင့်တက်ခဲ့တာလို့ ၎င်းက ပြောပါတယ်။
“ဒီတစ်ပတ်ထဲ ထိုးတက်လာတာ။ ဒီအပတ် တနင်္လာနေ့ကမှ ၃၅ သိန်းဝန်းကျင်မှာပဲရှိနေတာ။ သတင်းတွေက လှုပ်လှုပ်ဖြစ်လာတော့ ပြေးဝယ်တာတွေ၊ ပြေးရောင်းတာတွေ များလာတော့ ဈေးကွက်အေးနေရာကနေ ပြန်လှုပ်လာတာပေါ့” လို့ ၎င်းက ပြောပါတယ်။
အဲ့ဒီလို ရွှေဈေးရုတ်တရတ်မြင့်တက်လာတာဟာ ရွှေဈေးကို ကစားနေသူတွေကြောင့်ဖြစ်ပြီး ရွှေဈေးကစားသူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း(YGEA) ကတော့ ထုတ်ပြန်ချက်တစ်စောင်ကို မနေ့ကထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေမှာ ကောလာဟလတွေ ထုတ်လွှင့်ကာ ပြည်တွင်းရွှေဈေးကို မြင့်တက်အောင် လုပ်ဆောင်နေမှုတွေရှိနေပြီး ရွှေစျေးဖွင့်သူ၊ စျေးဆွဲတင် ဆွဲချပြုလုပ်ပြီး ကစားသူ၊ ရွှေအရောင်းအဝယ် လမ်းကြောင်းလုပ်သူတွေကို ထိရောက်စွာ ဖေါ်ထုတ်အရေးယူသွားမယ်လို့ YGEA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရွှေလုပ်ငန်းရှင်တွေကတော့ အရောင်းအဝယ်လိုက်လာတဲ့အတွက် ဈေးကွက်သဘောတရားအရ ဈေးနှုန်းမြင့်တက်လာတာသာဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုမရှိတာကြောင့် အခုလို ဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာတာလို့ ပြောပါတယ်။
ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးကတော့ “အခုရက်ပိုင်း အဝယ်ထက် အရောင်းကလည်း ပိုများလာတယ်။ ပြန်ရောင်းတဲ့သူတွေများလာတာ ဘာလို့လဲတော့ သေချာမသိဘူး။ အဓိကတော့ ဈေးကွက်သဘောတရားအရ အရောင်းအဝယ်အဆင်ပြေအောင် ဈေးဖွင့်တာတွေရှိမှာပေါ့၊ အတက်အကျတွေ ရှိမှာပဲလေ။ ဖြစ်နေတဲ့ ဒေါ်လာဈေးတို့ ဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့ အတက်အကျရှိမှာပဲ။ ဘယ်သူမှတော့ မဖြစ်နိုင်တဲ့ဈေးကိုဖွင့်ပြီး အရောင်းအဝယ်မလုပ်ပါဘူး” လို့ ပြောပါတယ်။
ရွှေဈေးနှုန်းမြင့်တက်နေတဲ့အချိန် ပြည်တွင်းက အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်ငွေတို့ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကလည်း အသီးသီး မြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက်အတွင်းက သိရပါတယ်။
ယခုလဆန်းပိုင်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၃,၂၀၀ ကျပ် ဝန်းကျင်နဲ့ တည်ငြိမ်နေပေမယ့် ယခုရက်ပိုင်းမှာ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ် ဝန်းကျင်ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
ကန်ဒေါ်လာနည်းတူ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ဈေးတွေဟာလည်း ဒီရက်ပိုင်းမှာ မြင့်တက်လာပြီး ထိုင်းတစ်ဘတ်ကို ၉၈ ကျပ်ဝန်းကျင် ရှိလာသလို တရုတ်ယွမ်ကလည်း တစ်ယွမ်ကို ၄၇၀ ကျပ် ဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဈေးကွက်ဖွင့်လှစ်မှုတွေအရ သိရပါတယ်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေကနေ ငွေထုတ်ပေးတာ ကန့်သတ်မှုတွေပြုလုပ်လာတယ်လို့ သတင်းတွေ ယခုရက်ပိုင်းမှာ ထွက်ပေါ်လာပြီးနောက်မှာ စစ်ကောင်စီဗဟိုဘဏ်က အဆိုပါ သတင်းတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့ရပါတယ်။
ဓာတ်ပုံ – YGEA