ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်လိုက်ပြီးနောက်မှာ ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ယောနယ်ကို တိုက်ပွဲကူးစက်လာနိုင်ပြီး ဒီဒေသမှာ စစ်ရေးတင်းမာနေတယ်လို့ ယောဒေသခံတချို့က ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ (Chin Brotherhood) နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို အခုလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်လိုက်တာပါ။
ဒီမြို့တွေကို သိမ်းပိုက်ခံလိုက်ရပြီးနောက်မှာ ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ယောနယ်မှာရှိတဲ့ ဆော၊ ကျောက်ထု စတဲ့မြို့နယ်တွေကို စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေပြီး ဒေသတွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
ဆောနဲ့ ကျောက်ထုမြို့တွေက စစ်ကောင်စီစခန်းတွေမှာ အခုရက်ပိုင်း စစ်ရေးပြင်ဆင်နေပြီး ရဟတ်ယာဉ်တွေနဲ့လည်း စစ်ကူတွေ၊ ခဲယမ်းတွေ ပို့လွှတ်တာတွေ ရှိတယ်လို့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။
မင်းတပ်မြို့နဲ့ အနီးကပ်ဆုံးတည်ရှိနေတဲ့ ကျောက်ထုမြို့နယ်က စစ်ကောင်စီတပ်ရင်းကိုလည်း တပ်သားအင်အားတွေ တိုးမြှင့်ထားတဲ့သတင်းတွေထွက်နေပြီး တပ်ရင်းတွေထဲက တပ်မိသားစုဝင်တချို့ကိုလည်း နေရာရွှေ့ပြောင်းနေတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“ဘယ်အချိန်ဝင်တိုက်မလဲတော့မသိဘူး ။ ကျောက်ထုက အမြှောက်တပ်ရင်းကို ဒီရက်ပိုင်းဝင်တိုက်မယ့်သတင်းတွေ ကြားရတယ် ” လို့ ၎င်း ဆောဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဆောနဲ့ ကျောက်ထုမြို့နယ်ကဒေသတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး မြို့ပေါ်က တပ်စခန်းတွေကိုပဲ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်တာလို့ ယောဒေသခံတချို့က ပြောပါတယ်။
“ဆောနဲ့ ကျောက်ထုက ရွာတွေမှာဆို တော်လှန်ရေးတပ်တွေစိုးမိုးထားတာများတယ်။ ဝိုင်းပတ်ပိတ်ဆို့ထားတာပဲရှိတယ်။ တိုက်ပွဲမဖြစ်သေးတာပဲရှိတာ။ ချင်းဘက်မှာ ပြီးသွားရင် သူတို့ဒီဆင်းလာကြတော့မှာလို့ သတင်းတွေထွက်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ချင်းညီနောင်တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့လဆန်းပိုင်းမှာ မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ပြီး ဒီလ ၂၁ ရက်မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်တဲ့ ခလရ -၂၇၄ ကို အပြီးသတ်သိမ်းပိုက်ကာ မင်းတပ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မင်းတပ်မြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကန်ပက်လက်မြို့ကိုလည်း ဒီလ ၂၂ ရက်မနက်ပိုင်းမှာ ချင်းညီနောင်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်တွေ နေ့ချင်းဆုတ်ခွာသွားတာကြောင့် မြို့သိမ်းနိုင်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေမှာ ချင်းညီနောင်တပ်တွေအပြင် ယောဒေသ ကာကွယ်ရေးတပ်တွေလည်း မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်ခဲ့တာပါ။
မင်းတပ်မြို့နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲတွေမှာ ဒီမြို့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယောဒေသ ကျောက်ထု၊ ဆော စတဲ့မြို့တွေကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မင်းတပ်နဲ ကန်ပက်လက်မြို့တွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်တာကြောင့် မကွေးတိုင်းနဲ့ ချင်းပြည်နယ် ထိစပ်နေတဲ့ လမ်းကြောင်းတစ်ခုလုံးကို တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားတာပါ။
ပုံစာ – ယောနယ်က ကျေးရွာတွေကို စိုးမိုးထားတဲ့ ယောကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – ယောကာကွယ်ရေးတပ် (YDF)

