မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် (၆၉)မှ သမိုင်းဝင်ဖြစ်စဉ် ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်းကုန်ခါနီး တစ်နှစ်အလိုတွင် လူထုအကြား ပွဲဆူသွားစေသည့် ကိစ္စတစ်ခုအဖြစ် ယူနီကုဒ်စံစနစ်အား
အောက်တိုဘာ ၁ ရက်တွင် မဖြစ်မနေ ပြောင်းလဲအသုံးပြုရမည်ဟု သတ်မှတ်လိုက်ခြင်းကို မော်ကွန်း၏ ယခုလ သမိုင်းဝင်ဖြစ်စဉ်အဖြစ် ဖော်ပြလိုက်ပါသည်။
တစ်ကမ္ဘာလုံးရှိ ဘာသာစကားအားလုံးကို ကွန်ပျူတာစနစ်အမျိုးမျိုးတွင် အပြန်အလှန် တွဲဖက်အသုံးပြုနိုင်သော ယူနီကုဒ် စံစနစ် သုံး” ပြည်ထောင်စုဖောင့်” အား နိုင်ငံတစ်ဝန်း အစိုးရရုံးများရှိ ရုံးသုံးဖောင့်များနေရာတွင် တရားဝင် အစားထိုးပြောင်းလဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ရုံးသုံးစနစ် ပြောင်းလဲမည်ဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာများ ၊ မိုဘိုင်းလ်ဖုန်းများ ၊ ဆာဗာများအားလုံးတွင်လည်း အချိန်မီပြောင်းလဲကြရန်နှင့် ယူနီကုဒ်ပြောင်းလဲရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုက်တွန်း ပြောဆိုခဲ့သည်။
ယူနီကုဒ်သည် စံသတ်မှတ်ချက်ရှိသဖြင့် အချက်အလက်များကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ရှာဖွေခြင်းတို့တွင် မှားယွင်းမှု မရှိလုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတကာဘာသာစကားမှ မြန်မာဘာသာစကား၊ မြန်မာဘာသာစကားမှ နိုင်ငံတကာဘာသာစကားသို့ ပြောင်းလဲနိုင်ခြင်း၊ မြန်မာနိုင်ငံတွင်းရှိ စံသတ်မှတ်ချက်လိုက်နာသော တိုင်းရင်းသားဘာသာစကားများကိုလည်း ပြောင်းလဲကြည့်ရှု လေ့လာနိုင်ခြင်း၊ မိမိရိုက်လိုသောစာများကို နှုတ်ဖြင့် ရွတ်ဆိုပြီး ရိုက်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း ယူနီကုဒ်ပြောင်း လဲရေးအဖွဲ့က ဆိုထားသည်။
သို့သော် နိုင်ငံတစ်ဝန်း ယူနီကုဒ်ပြောင်းလဲရာတွင် ဘာသာစကားများ ဖတ်မရခြင်း၊ ယူနီကုဒ်လက်ကွက်ဖြင့် စာရိုက်ရာတွင် အခက်အခဲများတွေ့ခြင်းနှင့် အစိုးရမှ အတင်းအကျပ်ဖိအားပေးပြောင်းခိုင်းခြင်းတို့ကို မနှစ်သက်ကြောင်း လူထုအကြားတွင် ဝေဖန်နေကြ၏။
ထို့ကြောင့် ယခင် ၂၀ဝ၄ ဝန်းကျင်ကတည်းက ဆယ်စုနှစ်တစ်ခုကျော် အသုံးပြုလာခဲ့သည့် ဇော်ဂျီစနစ်ကို ဆက်လက် အသုံးပြုနေသူများ ရှိနေပြီးလူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်တွင်လည်း စာသားများကိုဇော်ဂျီ၊ ယူနီကုဒ် စနစ်နှစ်ခုလုံးဖြင့် ရေးသားအသုံးပြုနေကြဆဲဖြစ်သည်။
#mawkun #magazine #chronicle #historical-event #no.69