ရန်ကုန်- ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF(မတူပီ)တပ်ရင်း-၂ နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ ပူးပေါင်းပြီး မတူပီမြို့နယ်ခရိုင်ရုံးမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက် ၆ နာရီ ဝန်းကျင်မှာ ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ CDF(မတူပီ) တပ်ရင်း-၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ မတူပီ-ရေဇွာလမ်းပိုင်းပေါ်က (မတူပီမြို့အထွက်) ဖနိုင်ရွာနဲ့ငလိုင်ရွာကြားမှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးရုံးကို ကျွန်တော်တို့ တိုက်တာ။ အဲဒီရုံးက မဖွင့်ရသေးဘူး။ ပြီးခဲ့တဲ့အစိုးရလက်ထပ်မှာဆောက်ထားတဲ့အသစ်။ အဲဒီရုံးမှာ စစ်တပ်တွေက နေရာယူ ထားတယ်။ စစ်သားတွေ အများကြီးတော့မရှိဘူး။ အဲဒီမှာ ရှေ့တန်းစခန်းသဘောမျိုးနဲ့ သူတို့က နေရာယူထားတယ်။ အဲဒီနေရာကို ကျွန်တော်တို့ မတူပီCDF နဲ့ CNF က တပ်သားတချို့ ပူးပေါင်းပြီး တိုက်ကြတယ်။ CDF ဘက်က တစ်ယောက် လက်နက်ကြီးအစမှန်ပြီး ဒဏ်ရာအနည်းငယ်ရခဲ့တယ် ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၂၃ နဲ့ ၂၅ ရက် ညပိုင်းတွေမှာ အထက်ပါ ခရိုင်ရုံးက စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပြီးနောက် ယနေ့မနက်ပိုင်းမှာ CDF(မတူပီ) ဘက်က အဲဒီစခန်းကို သွားတိုက်တာလို့ သူက ပြောပါတယ်။
တိုက်ပွဲဟာ မနက် ၆ နာရီကနေ ၆နာရီ ၃၀ မိနစ်ဝန်းကျင်အထိ ကြာမြင့်ခဲ့တယ်လို့ သူက ပြောတယ်။
“ မနက်နေထွက်ချိန်၊ သူတို့ မျက်နှာတွေ၊ဘာတွေသစ်နေချိန်ကိုစောင့်ပြီး ကျွန်တော်တို့က တိုက်တာ ” လို့ တပ်ရင်း-၂ ပြန်ကြားရေး တာဝန်ခံက ပြောတယ်။
လက်ရှိမှာ မတူပီမြို့ပေါ်မှာ လူနေထိုင်မှုရှိသလို ဖနိုင်ရွာမှာလည်း နေထိုင်မှုတွေရှိကြသေးပေမယ့် ငလိုင်ရွာမှာတော့ လူနေထိုင်မှု မရှိတော့တာကြာပြီလို့ မြေပြင်အခြေအနေကို သူက ပြောပြတယ်။
“ စစ်ကောင်စီဘက်က ကျွန်တော်တို့လို အပြင်ထွက်ပြီး တိုက်တာမျိုးတော့ မရှိဘူး။ သူတို့က အထဲကနေဘဲ လက်နက်ကြီး တွေနဲ့ သွေးရူးသွေးတန်းလျှောက်ပစ်နေတာမျိုးတွေတော့ အမြဲလုပ်တယ်။ ဒီနေ့ ကျွန်တော်တို့သွားတိုက်တော့လည်း အပြင်ကို ထွက်မလာကြဘူး။ သူတို့ဘန်ကာတွေထဲမှာပဲ နေကြတယ်။ အပြင်ကိုလုံးဝမထွက်ကြဘူး။ လက်နက်ကြီး တွေနဲ့တော့ ပစ်ကြတယ်” လို့ မြေပြင်အခြေအနေကို ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မတူပီအခြေစိုက်စစ်ကောင်စီတပ်တွေဟာ ရက်သတ္တပတ်ကို အနည်းဆုံး သုံးကြိမ်ထက်မနည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တာမျိုးရှိပေမယ့် စစ်ထိုးတိုက်ခိုက်တာမျိုးတော့ မရှိသေးဘူးလို့ သူက ပြောပြတယ်။
ယနေ့မနက်ပိုင်းဖြစ်ပွားတဲ့ မတူပီတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး ဝက်ဆိုက်တွေမှာတော့ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိသေးပါဘူး။
ပုံစာ- တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ။
#Dailynews

