ယင်းမာပင် – ၂၀၂၃ မတ် ၆ (မော်ကွန်း)
တိုက်ပွဲတွေပြင်းထန်နေတဲ့ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာမှာ အာဏာသိမ်းစစ်တပ်နဲ့တွေ့ပြီး ပစ်သတ်ခံထားရတဲ့ ပြည်သူတစ်ဦးရဲ့အလောင်းကို တွေ့ရှိရကြောင်း ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဆီကမော်ကွန်းကိုပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် ကျေးစာကျရွာကနေထွက်ခွာသွားချိန်မှာ စာသင်ကျောင်းတောင်ဘက်၊ အမှိုက်ကျင်းထဲမှာ အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပြီး အနောက်ကနေ ပစ်ခတ်ထားတဲ့ပုံစံလို့ Regional Friend Fighters (RFF) အဖွဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
“သေသွားတော့ ကြိုးတွေနဲ့တုတ်ပြီးတရွတ်တိုက်ဆွဲသွားတာ၊ ဆိုင်ကယ်ကိုတော့ တွင်းတူးပြီး ချ၊ အလောင်းကိုအပေါ်ကတင်ပြီး သစ်ရွက်တွေနဲ့ဖုံးထားခဲ့တာ၊ လမ်းပေါ်က သွေးကွက်တွေကနေစသိတာ၊ သဲနဲ့ဖုံးထားလည်းမပျောက်ဘူးလေ၊ တရွတ်ဆွဲသွားတဲ့ အရာကိုတွေ့ပြီးလိုက်ရှာရတာ”လို့ RFF ရဲဘော်ကပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၈ နှစ်အရွယ် ကိုဉာဏ်ဝင်းဆိုသူဖြစ်ပြီး အမျိုးသမီးဖြစ်သူနဲ့ သားနှစ်ဦး၊ သမီးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ နောက်ဆုံးတွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်နဲ့အပေါင်းအပါတွေ လက်ချက်ကြောင့် သေဆုံးရတဲ့ပြည်သူဟာ အနည်းဆုံး ၃,၁၀၀ ဦးရှိလာပါပြီ။
ကိုဉာဏ်ဝင်းကိုသတ်ဖြတ်သွားတဲ့စစ်ကြောင်းဟာ ထန်းတောကြီးရွာက နေအိမ်တစ်လုံးကိုမီးရှို့ခဲ့ပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ပါဝင်တယ်လို့ ဒေသခံဆီကသိရပါတယ်။
အခုတော့ အင်အား ၁၀၀ ထဲက ၃၀ လောက်ဟာ ဘိန်းနွယ်ချောင်ရွာအရှေ့ဘက်ကို ထွက်ခွာသွားပြီး ကျန်တဲ့စစ်သား ၇၀ လောက်ကတော့ ဘိန်းနွယ်ချောင်ရွာမှာပဲ ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသူ ကိုဉာဏ်ဝင်း
ဓါတ်ပုံ – Mawkun Magazine
#Dailynews

