ယင်းမာပင်-၂၀၂၃ အောက်တိုဘာ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက ကျောက်မှော်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေ နှစ်လကျော်ကြာတဲ့အထိ တပ်စွဲထားတာကြောင့် ထောင်ချီတဲ့ဒေသခံတွေ နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ ယင်းမာပင်မြို့နယ်ထဲက စစ်ရှောင်အရေးကူညီပေးနေသူတွေက မော်ကွန်းကိုပြောပါတယ်။
“ရှောင်ရတာ ကာလကြာလာတော့ ရိက္ခာပြတ်လာတာ။ စားနပ်ရိက္ခာဆေးဝါးကတော့ အရေးပေါ်လိုအပ်နေတာပေါ့။ တချို့မိသားစုတွေဆို စားစရာပြတ်လို့ ဆန်ပြုတ်လုပ်သောက်နေရတဲ့ မိသားစုတွေပါရှိတယ်။ ကူညီတဲ့အဖွဲ့တွေကလာတယ်။ စစ်ရှောင်အင်အားများတော့ မလောက်ငှတာ” လို့ စစ်ရှောင်အရေးအကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ကျောက်မှော်ကျေးရွာအုပ်စုကရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၆ ရက်ကတည်းက စေသူသစ်ကွင်းမှာ သစ်ထုတ်ရင်းစစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာကို ထွက်ပြေးခဲ့ရတာပါ။
အဲဒီစစ်ကြောင်းဟာ သူတို့တပ်စွဲထားတဲ့ရွာတွေထဲက ဒေသခံတွေရဲ့ပစ္စည်းတွေကိုလည်း သယ်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကျောက်မှော်အုပ်စုကရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကြက်လျှာ၊ ကျောက်ကုန်း၊ နှောပင်၊ နုံးတန်း၊ ကျွန်းပေါ်၊ အင်းဘက်၊ ပတိန်ပြင်၊ သံပို၊ စေသူ စတဲ့ရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ နီးစပ်ရာရွာတွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ တောတွေထဲမှာစစ်ရှောင်နေရတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ နှစ်သန်းနီးပါးအထိ ရှိလာပြီး အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပုံစာ-ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက ကျောက်မှော်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားလို့ ထောင်ချီတဲ့ဒေသခံတွေ နေရပ်မပြန်နိုင်တာ နှစ်လကျော်ကြာမြင့်လာပါပြီ။
Photo – Supplied

