ယင်းမာပင် – ၂၀၂၃ အောက်တိုဘာ ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးရင်း သတ်ဖြတ်သွားတဲ့ ပြည်သူအလောင်းတွေကို ဒီကနေ့နံနက်ပိုင်းက ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။
မနေ့က ပုလဲမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်လို့ ဒေသခံတွေက ပြောကြပြီး တွေ့ရှိရတဲ့ အလောင်းခြောက်လောင်းမှာ ကျောင်းသားနှစ်ဦးလည်းပါဝင်ပါတယ်။
“မနေ့ကတည်းက ပုလဲမြို့နယ်ချင်ပျစ်ရွာကနေ ယင်းမာပင်ကိုကူးလာတာ။အင်းထန်းတောကုန်း၊သဲကုန်း၊ရွှေလှံရွာတွေမှာတပ်စွဲတာဗျ၊ ပြည်သူတွေဖမ်းခံရတဲ့ထဲက ၆ယောက်တော့သတ်ခံရတယ်။ကျောင်းသားလေးနှစ်ယောက်ပါတယ်”လို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အသတ်ခံရသူတွေဟာ ကိုဇော်သူ၊ကိုဇော်မောင်၊ကိုမောင်လင်း၊ မောင်ခန့်နေနိုင်၊မောင်သန့်ဇင်ဦးနဲ့မောင်သန်းထိုက်အောင်တို့ ဖြစ်ပါတယ်။
“ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ရက်ရက်စက်စက်သတ်ထားခဲ့တာ။ တစ်ကိုယ်လုံးမှာဒဏ်ရာတွေနဲ့တွေ့ခဲ့ရတယ်”လို့ ရုပ်အလောင်းကောက်ရာမှာပါဝင်တဲ့ ပ.အ.ဖအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
သေဆုံးသူတွေရဲ့ မှတ်တမ်းဓါတ်ပုံတွေကိုတော့ ဒေသတွင်း အင်တာနက်လိုင်းအခက်အခဲကြောင့် မရရှိသေးပါဘူး။
ဒီကနေ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရင်း ယင်းမာပင်မြို့နယ်၊ ဆင်တဲရွာမှာရှိတဲ့ မီးသတ်အဆောက်အအုံတစ်ခုကိုမီးရှို့သွားပြီး ညနေ ၅း၀၀ နာရီအချိန်မှာတော့ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်နဲ့ လပို့ရွာတွေမှာအထိုင်ချနေပါတယ်။
မနေ့က ဖမ်းစီးခံရတဲ့ ပြည်သူ ၂၀ ကျော်အနက် ငါးယောက်လွတ်မြောက်လာပြီး ကျန်တဲ့လူတွေရဲ့သတင်းအတိကျမရသေးပါဘူး။

