ယင်းမာပင်-၂၀၂၃ မတ် ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကုန်းရွာကို စစ်ကောင်စီတပ်တွေ ယမန်နေ့မနက်ပိုင်းက ထပ်မံ မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“ကုန်းရွာကတော့ တစ်ရွာလုံးကျွတ်နီးပါး မီးထဲပါသွားပြီ။ မနေ့ကတည်းကရှို့နေတာ၊ ဒီကနေ့မနက်လည်းထပ်ရှို့တာ။ ပုလဲဘက်ကထွက်တဲ့စစ်ကြောင်းက ဝင်ရှို့တာ။အင်အားတော့ မခန့်မှန်းနိုင်ဘူး။ မနက်ကလေယာဉ်နဲ့လည်း တစ်နာရီလောက်ပစ်တာ။ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တယ်” လို့ အဲဒီဒေသခံက လက်ရှိအခြေအနေကိုပြောပြပါတယ်။
စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ ကုန်းရွာဟာ အိမ်ခြေ ခြောက်ရာကျော်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကုန်းရွာကဒေသခံတွေအပြင် ကုန်းရွာအနီးပတ်ဝန်းကျင်က ကျေးရွာ ၁၀ ရွာကျော်က ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေယူဆောင်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ထုတ်ပြန်တဲ့အချက်အလက်တွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း လေးသောင်းသုံးထောင်ကျော် အထိရှိလာပြီလို့ သိရပါတယ်။
Photo-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews